Friday, February 23, 2018

အောင်ဝင်းထွန်း ကျပ်သိန်း ၅၀၀ ဖြင့် အာမခံရ


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် တစ်နှစ်ကျော် အမှုရင်ဆိုင် ပြီးနောက် စွဲချက်တင်ခံထား ရသည့် အောင် ဝင်းထွန်းအား အထူးခုံရုံးက ကျပ်သိန်း ၅၀၀ ဖြင့် ယမန်နေ့၌ အာမခံပေးခဲ့သည်။
စွဲချက်တင်ခံရသည့် အောင်ဝင်းထွန်း သည် ပြီးခဲ့သည့်တစ်ပတ် ရုံးချိန်းတွင် အာမခံ လျှောက်ထားခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက် ရုံးချိန်း၌ ၎င်းအား ကျပ်သိန်း ၅၀၀ တန် အာမခံသူနှစ်ဦးနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ အရ အာမခံခွင့်ပြုကြောင်း အထူး ခုံရုံးက အမိန့်ချမှတ်ခဲ့သည်။

‘‘ဥပဒေသဘောအရ တရားခံကနေပြီး တော့ အာမခံလျှောက်တဲ့အပေါ်မှာ တရားရုံး ကနေပြီးတော့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ အရ အာမခံပေးရမယ့် အမှုဖြစ်တဲ့အတွက် အာမခံခွင့်ပြု ပါတယ်။ တရားရုံးကနေ အာမခံ သူနှစ်ဦးနဲ့ ခံဝန်ချုပ်ချုပ်ဆိုတာ ဖြစ်ပါတယ်’’ဟု မြောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူ ကြီးလည်းဖြစ်ပြီး သတင်းနှင့်ပြန် ကြားရေးတာဝန်ယူထားသော ဦးရဲလွင်က ပြော သည်။

အောင်ဝင်းထွန်းကို အာမခံပေးသူနှစ်ဦးသည် ရွှေပြည်သာမြို့နေ ဦးအောင်နိုင်နှင့် လှိုင်သာယာမြို့နေ ဦးသန်းဆင့်တို့က ခံဝန်လက်မှတ်ရေးထိုးပေးခဲ့သည်။

‘‘ဥပဒေအရာရှိကကို ၂၁၂ နဲ့ စွဲချက်တင်ဖို့ သူတင်ပြခဲ့တာတဲ့။ အဲဒါကြောင့်မို့လို့ သူ့ကို မလျော် သြဇာသုံး မယ်။ ထွက်ပြေးတိမ်း ရှောင်မယ်လို့ တရားလိုဘက်က လည်း မတင်ပြနိုင်ဘူးတဲ့။ ဒါ ကြောင့်မို့လို့ သိန်း ၅၀၀ တန်ခံဝန် နှစ်ဦးနဲ့ အာမခံခွင့်ပြုတယ်လို့ ဆိုတာပါ’’ ဟု ဦးရောဘတ်စန်း အောင်က ပြောသည်။

အာမခံရရှိခဲ့သူ အောင်ဝင်း ထွန်းသည် လာမည့် ရုံးချိန်းတိုင်း တရားရုံးသို့ မပျက်မကွက်လာ ရောက်ရ မည်ဖြစ်ပြီး ရုံးချိန်းပျက် ကွက်ပါက အာမခံပြန်ရုပ်သိမ်းခံ ရမည်ဖြစ်ကြောင်း အောင်ဝင်း ထွန်း၏ အကျိုးဆောင်ရှေ့နေ ဦးအောင်ခိုင်က ပြောသည်။

‘‘အာမခံလျှောက်ကတည်း က ရုံးချိန်းတိုင်း မပျက်မကွက်လာ ပါမယ်ဆိုတာမျိုးကို ခံဝန်ချက် ထည့်ထားရ တယ်။ ရုံးချိန်းတိုင်းလာရမယ်။ အကြောင်းမဲ့ပျက် ကွက်လို့တော့ မရဘူး။ ဖျားတာ၊ နာတာ မလာနိုင်လောက် တဲ့အ ကြောင်းအရင်းရှိလာရင်တော့ ခွင့် တင်ရမှာပေါ့။ အာမခံဆိုတာကို က ခြေချုပ်မဟုတ်ဘူး။ ဘယ် သွားသွား သွားလို့ရတယ်။ သတ် မှတ်တဲ့ ရုံးချိန်းမှာတော့ လာရ မယ်’’ ဟု ဦးအောင်ခိုင်က ပြော သည်။

တရားလွှတ်တော် ရှေ့နေဦးခင်မောင်မြင့်က ‘‘အာမခံပေးလိုက်တာက ဥပဒေအရတော့ မဆန့်ကျင်ဘူးဆို တာ မှန်ပြီ။ သို့သော်ရှိနေတဲ့ အမှုရဲ့ အခြေအနေတွေနဲ့ ဆီလျော်ညီညွတ်မှုရှိသလားဆိုတော့ ဒါဟာ ဘယ် ဥပဒေသမားကိုပဲပြောပြော ဒီအနေအထားဒီအချိန်မှာ ဒီလိုမျိုးအာမခံပေးခြင်းသည် မသင့်လျော်ဘူးလို့ပဲ မှတ်ချက်ရမှာပေါ့။ သာမာန်လူသတ်မှု မဟုတ်ဘူး။ နိုင်ငံတော်အစိုးရကိုယ်တိုင်က စိတ်ပါဝင်စားတဲ့ အရေးကြီးသော အမှုဖြစ်တယ်။နောက်တခါ ပူးတွဲပြီးတော့ စွဲဆိုခြင်းခံထားရသူတွေက သေဒဏ်ကျခံစေနိုင် တဲ့ ပုဒ်မနဲ့ စွဲဆိုခြင်းခံထားရတယ်။ ကိုအောင်ဝင်းခိုင်ကို ဖမ်းဆီးမိခဲ့မယ် ဆိုရင်လည်း သူဟာ  သေဒဏ်ကျ ခံနိုင်တဲ့ ပုဒ်မနဲ့ စွဲဆိုခြင်း ခံရနိုင်တယ်။တပြိုင်နက်မှာ တစ်ခါ ဦးကြည်လင်းကို ဝန်းရံသူတွေကမှတရားရုံး ပရဝုဏ်ထဲအထိလာပြီးဒါ ခြိမ်းခြောက်မှုတွေ လုပ်သွားတယ်။ နောက်တခါ ဆရာတော်ဦးဝီရသူကိုယ်တိုင်က ကြည်လင်းဆရာတော်ပါဆိုပြီး ထမင်းဝအောင်စားထားဆိုပြီး မိန့်ကြားပြီး ခြိမ်းခြောက်မှုတွေရှိတယ်။ ဒီတရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး အပေါ်မှာ အတိအလင်း ပြစ်မှုကျူးလွန်သူများရဲ့ ဝန်းရံသူတွေက ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတဲ့ ကြားထဲမှာ ဒီအာမခံဟာ ဒီအနေအထားဒီအချိန်မှာ မပေးသင့်သေးဘူး’’ ဟု ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု (၄၅)ကြိမ် မြောက် ရုံးချိန်းတွင် တရားခံရှေ့ နေများဘက်မှ ပြန်ခေါ်ထားသည့် အင်းစိန်အောင်စိုးအပါအဝင် ပြန် ခေါ်သက်သေခြောက်ဦးကို ဆက် လက်စစ်ဆေးခဲ့ သည်။

သေနတ်သမား ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ သုံးဦးသည် သေဒဏ်ထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ခံရသော်လည်း အောင်ဝင်းထွန်းသည် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ခံရသည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်ရက်တွင် အောင်ဝင်းထွန်း သည် အောင်ဝင်းဇော်နှင့်အတူ ဘားအံသွားသည့်အချိန် လမ်း တစ်ဝက်၌ပင် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး အောင်ဝင်းဇော် ကို ဘားအံ လိုက်ပို့သဖြင့် တရားခံအား လွတ်မြောက်ရန် ကူညီမှုပုဒ်မ ၂၁၂ ဖြင့် အမှုဖွင့် တရားစွဲဆိုခံရသည်။

7Day

0 comments:

Post a Comment