Wednesday, February 21, 2018

NCA တွင် လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား၂၁-ပင်လုံသို့ တက်ရောက်နိုင်ရန် အစိုးရအနေဖြင့် နည်းလမ်းရှာသင့်သည်ဟုဆို


NCA တွင် လက်မှတ်မရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံသို့ တက်ရောက်ဆွေးနွေးနိုင်ရန် အစိုးရအနေဖြင့် နည်းလမ်းရှာသင့်ဟု ယခင်က
ကချင်းလက်နက်ကိုင် အဖွဲ့ (KIO) ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ပါတီ ဒေါက်တာတူးဂျာက The Ladies News သို့ သုံးသပ်ပြောကြားသည်။
ညီလာခံမကျင်းပဲ ငြိမ်းချမ်းရေးမရနိုင်သည့်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ အစည်းအဝေးကို ရပ်တန့်မနေစေပဲ ချမှတ်ထားသည့် အချိန်ဇယားအတိုင်း ပုံမှန်ကျင်းပ သွားစေလိုကြောင်း ၄င်းပြောကြားသည်။

`အဓိက ကတော့ ၂၁-ရာစုပင်လုံ ညီလာခံကို ပုံမှန်ကျင်းပစေချင်တယ်။ အဲဒီညီလာခံမှာ ပါဝင်သင့် ပါဝင် ထိုက်တဲ့ သူတွေအားလုံး ပါဝင်နိုင်အောင် ဖြစ်စေချင်တယ်။ ဖြစ်နိုင်လို့ရှိရင် ALL Inclusive ဒါကို လက်တွေ့ အကောင်အထည် ဖော်စေချင်တယ်။ အဲတော့ ညီလာခံမကျင်းဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ နိုင်ငံရေးပြ သ၁နာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ် ဆိုတော့ နိုင်ငံရေးနည်းရှာတော့ တွေ့ဆုံဆွေးနွေးရေးပဲ၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်တဲ့ ဒီညီလာခံကို ဒီလိုပဲ ရပ်တန့်ထားမယ် ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးမရှိနိုင်ဘူး။ ကျွန်တော်တို့ပါတီ အနေနဲ့ကတော့ ပင်လုံညီလာခံကို ချမှတ်ထားတဲ့ အချိန်ဇယားအတိုင်း ပုံမှန်ကျင်းပ သွားစေချင်ပါတယ်´ ဟု ဒေါက်တာတူးဂျာက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးကို ညီလာခံ ၂၁-ရာစုပင်လုံကို ခြောက်လတစ်ကြိမ် ကျင်းပရန် အချိန်ဇယား သတ်မှတ်ထားသည်။ ယခုအခါ တတိယအကြိမ်ကျင်းပရန် သတ်မှတ်ချိန်ကို ကျော်လွန်နေပြီး ဖြစ်သော်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်ပရာတွင် သဘောထားကွဲမှုအချို့ အစိုးရနှင့် NCA တွင် လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင်များကြား ဖြစ်ပွားနေသောကြောင့် ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကျင်းပရန် ရက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစု ပင်လုံးကို NCA တွင် လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာမက NCA တွင် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပါ တက်ရောက် ဆွေးနွေးခွင့်ရရန် အစိုးရအအနေဖြင့် လမ်းဖွင့်ပေးသင့်ဟု ဒေါက်တာတူးဂျာက ပြောကြားသည်။

` အဓိကကတော့ နိုင်ငံရေးဆွေးနွေးပွဲ ညီလာခံမှာ ဖြေရှင်းနိုင်ဖို့ဖြစ်တာကို အဲဒါကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများ ညှိနှိုင်းဆွေးနွေးပြီး ပြေလည်အောင် ဖြစ်စေချင်တာပေါ့။ နည်းလမ်းရှာပေးဖို့ လိုအပ်တယ်။ အကောင်းဆုံးကတော့ NCA မှာ လက်မှတ်ထိုးနိုင်အောင် အရင်ကြိုးစားရ မှာပေါ့။ အဲဒါမှ မဖြစ်နိုင်ဘူးဆိုလည်း NCA မထိုးဘဲနဲ့လည်း ညီလာခံတက်ရောက်နိုင်မယ့် နည်းလမ်းကို ရှာဖို့လိုတယ်` ဟု ၄င်းကပြောကြားသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့  အစိုးရနှင့် တပ်မတော်က ချထားသည့်မူအရ NCA လက်မှတ်ထိုးပြီးမှသာလျှင် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရှိသည် ဆိုသည့်အတွက်ကြောင့် လတ်တလော အခြေအနေတွင် ဖြစ်နိုင်ခြေနည်းသည်ဟု ဆိုသည်။

`ဒီဥစ္စာက ဘယ်မှာတစ်နေလည်းဆိုတော့ NCA မှာ တစ်နေတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဖို့ဆိုတာ NCA ဆိုတာ ကတော့ Process လည်း ဖြစ်တယ် အခုလောလာဆယ် ၂ နှစ်ကျော် ကာလအတွင်းမှာ ဆိုတော့ အစိုးရနဲ့ တပ်မတော် ကိုင်ထားတဲ့ မူဝါဒလိုလည်း ဖြစ်နေတယ်။ တစ်ဖက်ကလည်း NCA ဟာ အစိုးရနဲ့ တပ်မတော်အတွက်က ဂုဏ်သိက္ခာလိုလည်း ဖြစ်နေတယ်။ ဒီပြသ၁နာကို ဘယ်လို ကျော်လွှာမလဲဆိုတာ ကတော့ နည်းလမ်းရှာဖို့ လိုပါတယ်။ အဓိကတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးပါဝင် လာရေး ဆိုတာ ရှေ့ရှုဖို့ ဘက်စုံက စဉ်းစားဖို့ဆိုတာက အမှန်ပါပဲ´ ဟု ၄င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် NCA လမ်းကြောင်းကို လက်ခံခြင်းမရှိပေ။ လတ်တလော အခြေအနေတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တချို့နှင့် တပ်မတော်သည် တိုက်ပွဲများဖြစ်ပွားကာ စစ်ရေးတင်မားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment