Wednesday, February 21, 2018

အစိုးရအဖွဲ့တွင် သမိုင်းပညာရှင်မပါ၍ မိမိတို့ ဖမ်းဆီးခံရခြင်းဟု ကိုဝေဟင်အောင် ပြောကြား


အစိုးရအဖွဲ့တွင် သမိုင်းနှင့် ပတ်သက်သည့် ပညာရှင်များ မပါဝင်သောကြောင့် မိမိတို့အား နိုင်ငံတော်ပုန်ကန် မှု ပုဒ်မ ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ရုံးတင်စစ်ဆေးခံနေရသူ ပရဟိတ စာရေးဆရာ ကိုဝေ ဟင်အောင်က ပြောကြားလိုက်သည်။
“သမိုင်းဆိုင်ရာပွဲမှာ သမိုင်းနဲ့ပတ်သက်တာတွေ ကျနော်ပြောမယ်။ အချုပ်ခြာအာဏာကျရှုံးတဲ့ နေ့ဆိုတော့ အချုပ်ခြာ အာဏာနဲ့ ပတ်သက်တဲ့ စကားတွေပြောတယ်။ အဲဒါကို သူတို့က ဥပဒေနဲ့ ငြိတယ်ဆိုပြီးတော့ တရားစွဲတာပေါ့ဗျ။ ပုံမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီတရားစွဲမှုဟာ မတရားဘူး။ ဒါဟာ အစိုးရထဲမှာကို သမိုင်းနဲ့ပတ်သတ်တဲ့ သမိုင်းပညာ ရှင်တွေ မပါဘူးဆိုတာကို ပိုသိသာတယ်။”

ကိုဝေဟင်အောင် အပါအဝင် အမ်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးအေးမောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ အပါအဝင် မတရားအသင်းဆက်နွယ်မှု၊ နိုင်ငံတော် အကြည်အညိုပျက်စေမှုတို့ဖြင့် တရားစွဲဆို ရုံးတင်စစ်ဆေးနေရာ ယနေ့ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ ရုံးထုတ်စဉ် ကိုဝေဟင်အောင်က သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ရုံးထုတ်ရာတွင် ၎င်းတို့နှစ်ဦး ဖမ်းဆီးခံထားရသည့် အမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် တရားရုံးနှင့် စစ်တွေ ခရိုင်တရားရုံးတို့တွင် (၃) နာရီနီးပါးခန့်ကြာအောင် စစ်ဆေးခဲ့ပြီး နောက်တစ်ကြိမ် ရုံးချိန်းကို လာ မည့် မတ်လ ၇ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျရှုံးခြင်း အခမ်းအနားတွင် ဒေါက်တာဦးအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ ဟောပြောခဲ့သည့် စကားရပ်ဝန်းများမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပျက်ပြားစေသည်ဟုဆိုကာ နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ အပါအဝင် ပုဒ်မ (၃)ခုဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ ရုံးထုတ်စဉ် ကိုဝေဟင်အောင်အား တွေ့မြင်ရစဉ် (ဓာတ်ပုံ – RiA)


0 comments:

Post a Comment