Wednesday, February 21, 2018

ဒိန်းပိုပိုဒေါင်ကို ဗေဒင်ဆရာ အောင်ချစ်ပိုက အသရေဖျက်မှုဖြင့် တရားစွဲ


ဟာသသရုပ်ဆောင် ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းက စမ်းချောင်းမြို့နယ်တရားရုံးတွင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ဗေဒင်ဆရာ အောင်ချစ်ပိုက ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း တရားစွဲဆိုသူ ဗေဒင်ဆရာထံမှ သိရသည်။
“ဒီပုဒ်မက ရဲအရေးမပိုင်ဘူး။ ဒါကြောင့် တရားရုံး ဦးတိုက်လျှောက်ခဲ့တာ။ ဒိန်းပိုပိုဒေါင် စွပ်စွဲပြောဆိုထားတဲ့ ရုပ်သံဖိုင်တွေပါတင်ပြပြီး တရားရုံးမှာ အစစ်ဆေးခံပြီး ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့တာပါ။ အမှန်တကယ်ဆို ကျွန်တော် တရားမစွဲဆိုချင်ဘူး။ အစစ်ခံနေရချိန်မှာ မျက်ရည်ကျမိတယ်။ ဒါပေမဲ့ မတတ်နိုင်တော့ဘူး။ ကျွန်တော့် မှာလည်း ဟောခန်းပါ ပိတ်ထားရတာ။ အခုလို ပြောဆိုခံနေရတာ အတော်ရှက် ဖို့ကောင်းနေပြီ”ဟု အောင်ချစ်ပိုက ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုသည် ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်းဖွင့်ပြီး ဗေဒင်ဟောခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိခဲ့ပြီဖြစ်ကြောင်း၊ ယင်းအပြင် Channel 9 ရုပ်သံလိုင်းတွင်လည်း ဗေဒင်ဟောစာတမ်းများကို ထုတ်လွှင့်နေသူဖြစ်ကြောင်းနှင့် ဗေဒင်ဟောခန်းအတွင်း ၎င်းကို ဗေဒင်ဆရာ အောင်ချစ်ပိုက မဖွယ်မရာ အပြုအမူများ ပြုလုပ်ခဲ့သည်ဟု ဒိန်းပိုပိုဒေါင်က စမ်းချောင်းမြို့မ ရဲစခန်းရှေ့တွင် မီဒီယာများထံ စွပ်စွဲပြော ကြားခဲ့သဖြင့် ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်း၊ လူထု အထင်အမြင်လွဲမှားစေကြောင်း စမ်းချောင်းမြို့နယ်တရား ရုံးသို့ ဦးတိုက်လျှောက်ထားလွှာတွင် ပါရှိခဲ့သည်။

အဆိုပါ ဦးတိုက်လျှောက်တရားစွဲဆိုမှုတွင် သက်သေစာရင်း အမျိုးသမီးအမည် လေးဦးနှင့် ဒိန်းပိုပိုဒေါင်က မီဒီယာများထံ ဖြေကြားခဲ့သည့် ရုပ်သံဖိုင် စီဒီခွေတစ်ချပ်ပါဝင်ပြီး ဗေဒင်ဆရာ အောင်ချစ်ပိုမှာ စမ်းချောင်း မြို့မ ရဲစခန်းတွင် ဖြိုးဝေဝင်း အကောင့်ပိုင်ရှင်နှင့် စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦးတို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်ကြားထားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်ကြားခံရသည့် စတုတ္ထနှစ်ကျောင်းသူကလည်း ဗေဒင် ဆရာ အောင်ချစ်ပိုကို ဇန်နဝါရီလ ၃၀ ရက်နေ့က စမ်းချောင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၅၄ ဖြင့် အမှုဖွင့်တိုင်ကြားထားပြီး ဒိန်းပိုပိုဒေါင်ကလည်း ရာဇသတ်ကြီး ပုဒ်မ ၃၅၄/၅၀၆ ဖြင့် အမှုဖွင့် တိုင်ကြားထား သည်။

ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည့်နေ့က ဒိန်းပိုပိုဒေါင်က “ပိုပိုဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက် ကပါ။ သူလုပ်ပေးလို့ အောင်မြင်ခဲ့သူတွေ အများကြီးရှိခဲ့တယ်လို့ အယုံသွင်းတယ်။ ကလေးဆိုတော့ မတွေး တတ်ခဲ့ဘူး။ သူ (အောင်ချစ်ပို) ခြိမ်းခြောက်တာကိုလည်း ကြောက်နေခဲ့တာ။ အခုမှ အမှုဖွင့်ရတယ်ဆိုတာက ပိုပိုတို့လို မိန်းကလေးတွေ ဘယ်လောက်များနေမလဲမသိဘူး။ ကိုယ်တိုင်လည်း ခံခဲ့ရတာဖြစ်တဲ့အတွက် အမှုဖွင့်ရခြင်း ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ချင်းအနေနဲ့ အမှုဖွင့်မယ်ဆိုရင် သူ့ (အောင်ချစ်ပို) အနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်တော့ရမှာပဲ”ဟု မီဒီယာများထံ ၎င်းက ပြောကြားခဲ့သည်။

စမ်းချောင်းမြို့မ ရဲစခန်းတွင် လက်ရှိ နှစ်ဖက်အပြန်အလှန် အမှုဖွင့်တိုင်ချက်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်ထားသော်လည်း အမှုတည်ဆောက်မှု ခိုင်လုံစေရန် လိုအပ်သည်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးစစ်ဆေးထားခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice



0 comments:

Post a Comment