Sunday, February 18, 2018

ပြည်သူလူထုထံမှ ကောက်ခံရရှိသည့် အခွန်သည် ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်ပြော


ပြည်သူလူထုထံမှ ကောက်ခံရရှိသည့် အခွန်သည် ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မျှော်လင့် ထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ဖေဖေါ်ဝါရီ ၁၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် ကျင်းပပြုလုပ်သော အခွန်ဆိုင်ရာကိစ္စရပ်များ တင်ပြသည့်ဆွေးနွေးပွဲ ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံထူထောင်ရေးအတွက် တာဝန်ကျေတဲ့ အခွန်ထမ်းတွေလည်း ဖြစ်စေချင်တယ်။ ကျွန်တော်တို့ဘက်ကလည်း အခွန်ကို စနစ်တကျ ကောက်ယူနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက် ပါမယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ လာမယ့် အခွန်ဥပဒေမှာ အကောင်းဆုံးဖြစ်နိုင်အောင်ပြင်ဆင်မှု ပေးရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ပြဋ္ဌာန်းလိုက်တဲ့ ပြဋ္ဌာန်းချက် တစ်ရပ်ကို ကျွန်တော်တို့အားလုံး လိုက်နာကျင့်သုံးကြတယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်ဖို့လိုပါတယ်။ နိုင်ငံတကာမှာ အခွန်ဟာ ညှိနှိုင်းလို့မရ ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ညှိနှိုင်းလို့ရတယ်။ ဒါကြောင့်မို့ အခွန်ကိုစနစ်ကျတဲ့ အခွန်မျိုး ဖြစ်စေဖို့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အခွန်ကနေ အခွင့်အလမ်းပေးလိုက်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ထုတ်ကုန်ကဏ္ဍဖွံ့ဖြိုး တိုးတက်လာဖို့ အတွက်မျှော်လင့်ပါတယ် ”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဏာရေးနှစ်အတွက် ပြဌာန်းမည့် အခွန်ဥပဒေနှင့် ပတ်သက်ပြီး လက်တွေ့လုပ်ငန်း ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များကြားတွင် အဆင်ပြေချောမွေ့နိုင်စေရန်နှင့် နိုင်ငံတော်ဘက်မှ အခွန်ကောက်ခံရာတွင် အခွန်ဥပဒေကိုပြဋ္ဌာန်းပြီးသွားလျှင် အခွန်ပေးဆောင်မည့်သူဘက်မှလည်း အခွန်ပေးဆောင်ဖို့ထက် အခွန်ပေးဆောင်သည့် ယဉ်ကျေးမှုကို လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် လာမည့်ဧပြီမှစ၍ ကောက်ခံမည့် အခွန်စနစ်ကို လုပ်ငန်းရှင်များအပေါ် နိုင်ငံတော်အစိုးရဘက်မှ အားလုံး အဆင်ပြေနိုင်မည့် အခြေအနေတစ်ခုကို ဖြစ်စေချင်ကြောင်း ၀န်ကြီးချုပ် က ထပ်လောင်း ပြောကြားသည်။

ယင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဏာရေး ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်သောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ တို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်တစ်ခု တည်ဆောက်မယ်ဆိုရင် မဖြစ်မနေ နိုင်ငံတော်ရဲ့ဘဏ္ဍာ အခွန်ကပဲ အဓိကကျတာဖြစ် ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်ရဲ့အခွန်အကောက်ကို တရားမျှတစွာနဲ့ ကောက်မယ်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ကောက်မယ်၊ အဆင်ပြေစွာ ကောက်မယ်ဆိုတဲ့ အခွန်ပေါ်လစီတွေ ကောင်းမွန်တဲ့ ပေါ်လစီတွေ ရှိပါတယ်။ နိုင်ငံတော်ရဲ့ ဘက်ဂျက်ကို အဓိက အားဖြင့် အခွန်အကောက်က နေပြီး ရတာဖြစ်တဲ့ အတွက် ဒီအခွန်အကောက်ဟာ ရသင့်ရထိုက်တဲ့ အခွန်အကောက်ကိုရအောင် အားလုံး က ဆောင်ရွက်ကြပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

AKonThi

0 comments:

Post a Comment