Friday, February 23, 2018

လားရှိုးမြို့ဗုံးပေါက်ကွဲမှုတွင် သေဆုံး၊ ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေများပေးအပ်


ရှမ်းပြည်နယ် လားရှိုးမြို့ ရိုးမဘဏ်အနီး မိုင်းပေါက်ကွဲမှုမှာ သေဆုံး၊ ဒဏ်ရာရရှိသူတွေအတွက် ရှမ်းပြည် နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မနက်က ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။
လားရှိုးမြို့၊ လမ်းမတော်ရှိ ရိုးမဘဏ်ခွဲ(၁)နဲ့ ဧရာဝတီဘဏ်ကြားမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ ခွဲလောက်က အင်အားပြင်းတဲ့ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာမှာ ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦးသေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

သေဆုံးလူနာ အမျိုးသမီးနှစ်ဦးအတွက် တဦးကို ငွေကျပ်ငါးသိန်း၊ စိုးရိမ်ရလူနာတွေအတွက် တဦးကို ငွေကျပ် သုံးသိန်း၊ မစိုးရိမ်ရ လူနာတွေအတွက် တဦးကို ငွေကျပ် နှစ်သိန်း၊ သာမန်လူနာတွေအတွက် ငွေကျပ် ငါးသောင်းနဲ့ စုစုပေါင်း ၂၃ ဦး တို့အတွက် ငွေကျပ် ၃ဝ၅ဝဝဝဝ ကို လူနာတွေနဲ့ သက်ဆိုင်သူတွေဆီ တိုင်း အစိုးရအဖွဲ့က ပေးအပ်ခဲ့တာပါ။

အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကလည်း သေဆုံးသူ တဦးကို ငွေကျပ်သုံးသိန်း၊ ထိခိုက်ဒဏ်ရာရလူနာတွေအတွက် တဦးကို ငွေကျပ် ငါးသောင်းနှုန်းနဲ့ စုစုပေါင်း ငွေကျပ် ၁၆၅ဝဝဝဝ ကိုလည်းကောင်း ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကလည်း သေဆုံးသူ အမျိုးသမီးနှစ်ဦး အတွက် တဦးကိုငွေကျပ်နှစ်သိန်း၊ ပြင်းထန်ဒဏ်ရာ ရရှိသူ ခြောက်ဦးအတွက် တဦးကို ငွေကျပ် ငါးသောင်းနှုန်း၊ သာမန်ဒဏ်ရာ ရရှိသူ ၁၅ ဦးအတွက် တဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၁ ဒသမ ၅ သိန်းအား လားရှိုးဆေးရုံကြီးမှာ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

DVB

0 comments:

Post a Comment