Friday, February 23, 2018

လားရှိုးရိုးမဘဏ်အား မိုင်းခွဲမှုသည် လူမဆန်သောလုပ်ရပ်ဖြစ်ကြောင်း ဘဏ်အမှုဆောင်ဥက္ကဋ္ဌပြော


လားရှိုးမြို့ရှိ ရိုးမဘဏ်တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုအကြမ်းဖက်လုပ်ရပ်သည် လူမဆန်သောလုပ် ရပ်ဖြစ်ကြောင်း ဘဏ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားသည်။ လားရှိုးမြို့ ရိုးမဘဏ်ခွဲ(၁) တွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ မိနစ် ၄၀ က ပြင်းထန် သော မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက် ဘဏ်ဝန်ထမ်းနှစ်ဦးသေ ဆုံးကာ အရပ်သားနှင့် ဘဏ်ဝန် ထမ်းများအပါအဝင် ၂၂ ဦး ဒဏ် ရာရခဲ့သည်။ 


‘‘ကျွန်တော်တို့အနေနဲ့ အခု လို ရက်စက်ယုတ်မာတဲ့ အကြမ်း ဖက်လုပ်ရပ်အတွက် များစွာ တုန် လှုပ်မိပြီး ဝမ်းနည်းမိပါတယ်။ ဒီလိုလူမဆန်တဲ့လုပ်ရပ်အတွက် အ ကြောင်းပြချက်တွေ မပေးနိုင်ပါ ဘူး’’ဟု  ရိုးမဘဏ် အမှုဆောင် ဥက္ကဋ္ဌဦးသိမ်းဝေက ပြောသည်။

ထို့အပြင် အကြမ်းဖက်မှုကို တိုက်ဖျက်နိုင်ရန်၊ ရိုးမဘဏ်ခွဲများ ရှိ ဝန်ထမ်းများနှင့် Customer များ၏လုံခြုံရေး၊ ပိုမိုစိတ်ချရစေ ရန် အထူးအားစိုက်ကာ အလေး အနက်ထားဆောင်ရွက်မည်ဟု လည်း ၎င်းက ပြောသည်။

သေဆုံးသူ ရိုးမဘဏ်ဝန် ထမ်းမမော်မော်၏ဖခင်ဦးငြိမ်းက ‘‘တရားဥပဒေမရှိတဲ့သူတွေဆို တော့ ဥပဒေမရှိ သလို လုပ်တော့ တာပေါ့။ စည်းကမ်း၊ ဘောင်မှ မရှိတာ။ သူတို့က စည်းလွတ်ဝါး လွတ်တွေကိုး။ ကျွန်တော် တို့ ကောင်းတဲ့ ပြည်သူတွေက ဘာ တတ်နိုင်မလဲ’’ဟု 7Day Daily သတင်းစာအား ပြောသည်။

ထို့အပြင် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ထိုး ပအိုဝ်း အဖွဲ့(PNLO) ဦးဆောင်နာ ယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက လားရှိုးမြို့ ရိုးမဘဏ်ဗုံးဖောက်ခွဲမှု လုပ်ဆောင်သော အဖွဲ့အစည်း သည် ဥပဒေအရ အကြမ်းဖက်အ ဖွဲ့ဟု သတ်မှတ်ခံရနိုင်ကြောင်း ပြောသည်။

‘‘အကြမ်းဖက်လုပ်ရပ်ဖြစ် တဲ့အတွက် အကြမ်းဖက်အဖွဲ့ အစည်းလို့သတ်မှတ်လိုက်ရင် အဲ ဒီအဖွဲ့ အစည်း အနေနဲ့က နိုင်ငံ ရေးဆွေးနွေးဖို့အလားအလာတွေ တော်တော်လေး ခက်ခဲသွားနိုင်တယ်’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောသည်။

လက်ရှိအချိန်တွင်မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည် ဆိုခြင်းကို မပြောနိုင်သေးသော် လည်း မကြာမီကာယကံရှင် အဖွဲ့အစည်းက ဝန်ခံခြင်း(သို့မ ဟုတ်)စစ်ဆေးချက်အရ ဗုံးခွဲ သည့် အဖွဲ့ကို ဖော် ထုတ်နိုင်မည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

‘‘အကယ်၍ အဆင်မသင့်လို့ စစ်ရေးအရ တိုက်ကြ၊ ခိုက်ကြတာလို့ သူ့စခန်း၊ ကိုယ့်စခန်းသိမ်းကြတာတို့၊ မြေပြင်တိုက်ပွဲဖြစ်တာတို့၊ ဒါတွေက စစ်ရေးအမြင်နဲ့ သဘာဝကျသေးတယ်။ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ဟာတွေ တိုက်ခိုက်တဲ့ဟာက နည်းနည်းလေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံ ရေးဆွေးနွေးပွဲလုပ်ငန်းစဉ်နဲ့ ကွာဟသွားတာလို့ ပြောနိုင်တာပေါ့။ နိုင်ငံရေးလုပ်ငန်းစဉ်ကွာဟသွား တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို အနှောင့်အယှက်ဖြစ်တယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ အတွက် အလားအလာမကောင်း ဘူးလို့ ကျွန်တော်တို့က သတိပေး ချင်တယ်’’ဟု ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

ပေါက်ကွဲမှုဖြစ်ရာနေရာကို စစ်ဆေးနေပြီး စီစီတီဗီမှတ်တမ်းကို  ခြေရာခံဖော်ထုတ်မည်ရန်  ကြိုး ပမ်းနေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။  အဆိုပါအမှုကို ရာဇသတ် ကြီးပုဒ်မ ၂၈၆/၃၀၇/၃၂၆/၃၀၂ (ပေါက်ကွဲစေတတ်သော ပစ္စည်း အား ပေါ့လျော့မှု၊ လူသတ်ရန် ကြံစည်မှု၊ ပြင်းထန် နာကျင်စေမှု၊ လူသတ်မှု)ဖြင့် အမှုဖွင့်၍ ရဲတပ် ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

ပေါက်ကွဲမှုဖြစ်ပြီး နောက် တစ်နေ့တွင် လားရှိုးမြို့၌ လူသွား လူလာလျော့ကျပြီး ည ၈ နာရီခန့်မှစတင်ကာ မြို့တွင်း သွားလာမှု မရှိတော့ကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများအတွက် ရှမ်းပြည်နယ်အစိုးရက ငွေကြေးထောက်ပံ့ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး ဦးဆောင်ကာ ပေါက်ကွဲ မှုဖြစ်ပွားရာနေရာသို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့လယ်တွင်  သွားရောက် ကြည့်ရှုခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ အကြမ်းဖက်သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့က ထောင်ထားသည့် ဒေသန္တရ မိုင်းတစ်လုံး ပေါက်ကွဲ ခြင်းဖြစ်ကြောင်း တပ်မတော်က ဖေဖော်ဝါရီ ၂၁ ရက် ညတွင် သတင်းထုတ်ပြန်ထား သည်။ယခု လားရှိုးမြို့ ဗုံးပေါက်ကွဲ မှုနှင့်ပတ်သက်ပြီး KIA ပြောရေး ဆိုခွင့်ရှိသူက ၎င်းတို့အဖွဲ့ လုပ် ဆောင်ခြင်း မဖြစ်နိုင်ကြောင်း ဖြေကြားထားပြီး TNLA အဖွဲ့ပြော ရေးဆိုခွင့်ရှိသူကလည်း  ၎င်းတို့အဖွဲ့ လုပ်ဆောင်ခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။

7Day



0 comments:

Post a Comment