Sunday, February 18, 2018

မကွေးဝန်ကြီးချုပ် အဆိုပြုထားသည့် ဝန်ကြီးနှစ်ပါးကို ကန့်ကွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များကို သက်သေအထောက်အထားရှာခိုင်းဟု ဆို


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အဆိုပြုထားသည့် ဝန်ကြီးနှစ်ပါးကို ကန့်ကွက်နိုင် ရန် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များကို သက်သေအထောက်အထားများ ရှာခိုင်း ထားကြောင်း အောင်လံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော် က ဖေဖော်ဝါရီ ၁၈ ရက်တွင် အကုန်သိသတင်းဌာနသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ တွင် လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင် ရာ ဥပဒေ၊ နည်းဥပဒေတို့ဖြင့် ကန့်ကွက်ခဲ့ကြပြီး ကန့်ကွက်မှုသည် ဖွဲ့စည်းပုံဥပဒေနှင့် ညီမညီကို စိစစ်ရန် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားကြောင်း ဦးအေးကျော်က ပြောသည်။

“ ဝန်ကြီးချုပ် အဆိုပြုထားတဲ့ ဝန်ကြီးနှစ်ပါးကို လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်နေကြတာ ကိုယ် ကျင့်သိက္ခာပိုင်းနဲ့ သူတို့ဖြတ်သန်းလာတဲ့ အပိုင်းတွေကြောင့်ပါ။ ဟိုတစ်နေ့က လွှတ်တော်အရေးပေါ်အစည်း အဝေးမှာ ကိုယ်စားလှယ်တွေ ကန့်ကွက်ကြတော့ သူတို့နှစ်ဦးရဲ့ အကြောင်းကို ကန့်ကွက်အဆိုပြုချင်တယ်ဆို ရင် ခိုင်လုံတဲ့ သက်သေအထောက်အထားပြနိုင်အောင် အချက်အလက်တွေရှာဖို့ ကျွန်တော်တို့ကို အချိန်တစ် ခုပေးထားတယ်။ ကျွန်တော်တို့ သက်သေအထောက်အထားပြနိုင်ရင်တော့ ကန့်ကွက်လို့ရမယ်။ မပြနိုင် ရင်တော့ ဝန်ကြီးချုပ်ပြောတာ အတည်ဖြစ်သွားပြီပေါ့” ဟု ၎င်းက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့တွင် လစ်လပ်လျက်ရှိပြီး ယင်းနေရာများအတွက် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအေးငွေနှင့် မကွေးတိုင်းဒေသကြီး လက်ထောက် ပညာရေးမှူး (ငြိမ်း) ဦးအောင်ကျော်မိုးတို့ကို အဆိုပြုထားခြင်းဖြစ်သည်။

ဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ နှစ်ဦးလုံးသည် ပြင်ပပညာရှင်များ ဖြစ်နေသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထဲတွင် ဝန်ကြီးဖြစ်ထိုက်သူမရှိသည့်အတွက် ပြင်ပပညာရှင်ရှာရသည့် သဘောသက်ရောက်နေကြောင်း ဦးအေးကျော်က သုံးသပ်ပြောကြားသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး တတိယနေ့ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မကွေးတိုင်းဒေသကြီးလွှတ်တော် Facebook
AKonThi

0 comments:

Post a Comment