Monday, February 19, 2018

ပြည်သူနှင့် ကင်းကွာလျှင် ဆိုးကျိုးရင်ဆိုင်ရမည်ဟု ဦး​​ဉာဏ်ဝင်းပြော


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုနှင့် အမြဲ ထိတွေ့၍ ပြည် သူ့ဆန္ဒကို လေ့လာနေရန်လိုအပ် ပြီး ပြည်သူနှင့် ကင်းကွာပါက ဆိုး ကျိုးဖြင့် ရင်ဆိုင်ရ မည်ဖြစ်ကြောင်း ဒီချုပ်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။
ကယားပြည်နယ် လွိုင်ကော် မြို့ လွိုင်လင်လေးတွင် ယမန်နေ့ က ကျင်းပသည့် ပါတီဝင် အဆိုပြု လွှာပေး အပ်ပွဲအခမ်းအနား၌ ဦးဉာဏ်ဝင်းက အထက်ပါအ တိုင်း ပြောကြားသည်။

‘‘ထိတွေ့တာများလေ ကိုယ့်ချွတ်ယွင်းချက်ကို ကိုယ်တွေ့မယ်။ ပြင်စရာတွေ တွေ့မယ်။ ကိုယ့်လူ လည်း ကိုယ်မတွေ့ဘူး၊ ပြည်သူ လူထုလည်း မတွေ့ဘူးဆိုရင် ပြည်သူ့အသံကိုလည်း ကိုယ်မသိဘူး။ အဲဒီတော့ ကိုယ်လည်း လုပ်ချင် ရာလုပ် ပြည်သူ့အသံလည်း မသိ နဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေ က သဲထဲရေသွန်ဖြစ် မှာပဲ’’ဟု ၎င်း က ပြောသည်။

အဆိုပါ ပါတီဝင် အဆိုပြု လွှာပေးအပ်ပွဲသည် လွိုင်ကော် မြို့၌ ခြောက်လအတွင်း ဒုတိယ အကြိမ် ကျင်း ပခြင်းဖြစ်ပြီး ကျေး ရွာအုပ်စု သုံးအုပ်စုမှ ကျေးရွာ ၂၃ ရွာနှင့် မြို့ပေါ်ရပ်ကွက်အချို့ မှ လူဦးရေ ၂,၃၉၀ ကျော်ကို ပါတီ ဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့ သည်။ ယင်းတို့အနက်ကျေးရွာ ၁၂ ရွာသည် ရွာလုံးကျွတ် ပါတီ ဝင်ရောက်ခြင်းဖြစ်သည်။

၂၀၁၇ ဩဂုတ်က ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေး အပ်ပွဲတွင် လူဦးရေ ၆၆၀ ကျော် ဒီချုပ်သို့ ဝင်ရောက် ခဲ့သည်။ ဒီမိုကရေစီ မျှော်မှန်းချက်များ အောင်မြင်ရေး ပါတီဝင်အဖြစ် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရေး ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုနှင့် ဒီချုပ်ကယားပြည် နယ် စည်းရုံးရေးအဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာ များသို့ လှည့်လည်စည်းရုံးခဲ့ကြောင်း ကယားပြည် နယ် ၈၈ မျိုးဆက် အင်အားစုမှ ကိုသက်နောင်ထွန်းက ရှင်းပြသည်။

‘‘ကျွန်တော်တို့ စည်းရုံးခဲ့တဲ့ ရွာတွေက NLD ထောက်ခံတဲ့ရွာ တွေပါပဲ။ အခုကတော့ ဒီလို မဲထည့်ရုံနဲ့ပဲ မဖြစ်ဘူး။ ၂၀၂၀ မှာ အောင်နိုင်ဖို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြမယ်။ ဒေါ်အောင် ဆန်းစုကြည်လို ခေါင်းဆောင် ကောင်းရှိနေတဲ့အချိန်မှာ သူ့ရဲ့အ ခက်အခဲတွေကို ဝိုင်းဝန်း ထောက် ခံကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါတီဝင်ကြဖို့ စည်းရုံးခဲ့တယ်’’ဟု ၎င်းက ဆိုသည်။

ဒီချုပ်၏ အဓိကပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီကလည်း တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲများကို ယမန်နှစ် နှစ် ဆန်းပိုင်းက   စတင်ပြုလုပ်နေ သည်။ ဒီချုပ်ပါတီဝင် အဆိုပြု လွှာ ပေးအပ်ပွဲများ ကျင်းပခြင်း သည်  ပြည်ခိုင်ဖြိုးပါတီ  လှုပ် ရှားမှုများကို တုံ့ပြန်ရန်  ရည်ရွယ်ခြင်း မဟုတ်ဟု  ကိုသက်နောင် ထွန်းက ပြောသည်။

သို့သော် ကယားပြည်နယ် အတွင်း အလားတူ အဆိုပြုလွှာ ပေးအပ်ပွဲများ ထပ်မံကျင်းပနိုင် ရေး စည်းရုံးမှုများ ဆက်လက် ဆောင်ရွက်မည်ဟု ၎င်းက ဆို သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ရည်မှန်းချက်များ အောင်မြင်ရေး ဆက်လက်ဆောင် ရွက်နိုင်ရန် ယခုကဲ့သို့ ပါတီဝင် အဆိုပြုလွှာအများအပြား ထပ်မံ လိုအပ် ဦးမည်ဟု ဦးဉာဏ်ဝင်းက ပါတီဝင် အဆိုပြုလွှာပေးအပ် ပွဲ၌ ပြောသည်။

‘‘ကျွန်တော်တို့ ဒီမိုကရေစီ အပြည့်အဝမရသေးဘူး။ အနိုင်ရ ပါတီဖြစ်တဲ့ အဖွဲ့ချုပ်ဟာ အစိုးရ လုပ်ငန်း အားလုံးကို ကြီးကြပ် ဆောင်ရွက်နိုင်ခွင့် အပြည့်အဝ မရသေးဘူး။ ဒီအခြေအနေမှာ ရှေ့ဆက်ပြီးတော့ မျှော်ကြည့်ရင် အခုလို ပါတီဝင် အဆိုပြုလွှာတွေ အများကြီးလိုသေးတယ်’’ဟု ၎င်း က ပြောသည်။

ထို့အပြင် လက်ရှိတွင် ပါတီ အတွက် အဓိကကျသည့် စိန်ခေါ် မှုသည် ညီညွတ်မှုရှိရေးဖြစ် ကြောင်း ဦးဉာဏ် ဝင်းက ဆက်လက်ပြောသည်။ ‘‘ပထမဆုံးက တော့ ကိုယ့်အချင်းချင်း ညီညွတ် ရေး၊ နောက်တော့ ကိုယ့်ပတ် ဝန်း ကျင်၊ နောက်တော့ ကိုယ့်ရဲ့မိတ် ဆွေပါတီတွေ ဒီလိုညီညွတ်ရေး ကို မတည်ဆောက်နိုင်ရင်တော့ ကျွန်တော်တို့ အောင်မြင်ဖို့ ခဲယဉ်းပါလိမ့်မယ်’’ဟု ပြောသည်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာအချို့တွင် ယမန်နေ့က ကျင်းပသည့် ဒီချုပ်ပါတီဝင် အဆို ပြုလွှာပေး အပ်ပွဲသို့ တက်ရောက် သူများကို ဆန်တစ်ပြည်နှင့် ကျပ် ၅,၀၀၀ ပေးခဲ့ကြောင်း ဖော်ပြမှုများသည် မမှန် ကန်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က  7Day Daily သတင်း စာ၏ မေးမြန်းမှုကို ဖြေကြားသည်။

‘‘အခမ်းအနားမှာ ဖျော်ဖြေ တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က တစ်သိန်းစီ လှူဒါန်းတာတော့ရှိ တယ်။ တခြားသူတွေကို ပေးတာ လုံးဝမရှိဘူး။ ဘာမှမပေးဘူး’’ဟု ၎င်းက ပြောသည်။

ဒီချုပ်သို့ ပါတီအဖြစ် ဝင် ရောက်ရန်စည်းရုံးခဲ့သည့် ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုမှ ကိုသက်နောင် ထွန်းကလည်း ထိုသို့ ဆောင်ရွက်ခဲ့ခြင်းမရှိဟု ဆိုသည်။ ‘‘ခြိမ်းခြောက်ပြီး ပါတီဝင် ခိုင်းတာလည်း မရှိဘူး ငွေကြေး ပေးတာလည်း မရှိဘူး။ ကျွန်တော်တို့မှာ ပေးနိုင်တဲ့ ငွေကြေးလည်း ကျွန်တော်တို့မှာ မရှိပါဘူး’’ဟု ၎င်းက ပြောသည်။

7Day

0 comments:

Post a Comment