Wednesday, February 21, 2018

“အဖ ရခိုင်ပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထား

“အဖ ရခိုင်ပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့် ဖေဖော်ဝါရီလ ၁၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ယင်းပါတီကို ဦးဆောင်တည်ထောင်သူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက် သည်။
ပါတီသစ်တည်ထောင်ရန်အတွက် ပထမအဆင့်အနေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီတည်ထောင်ခွင့်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လျှောက်ထားလိုက်ပြီဖြစ်ကြောင်း၊ ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုကြောင်း အကြောင်းပြန် သည့်အခါ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ရရှိရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဦးကျော်ဇောဦးကို ဖုန်းနှင့်ဆက်သွယ်ရာတွင် အချိန်မီ ဆက်သွယ်၍ မရခဲ့ပေ။

အဆိုပါ အဖရခိုင်ပါတီတည်ထောင်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ကို ဆက်သွယ်မေးမြန်းရာတွင်မူ လက်ရှိအချိန်အထိ ယင်းအမည်ဖြင့် ပါတီ လာရောက်လျှောက် ထားခြင်း မရှိသေးဟုသာ ပြန်လည်ဖြေကြားသည်။

အဖရခိုင်ပြည်ကြီးကို လူထုနှင့်အတူ ကာကွယ်စောင့်ရှောက်ရန် ပါတီသစ်တစ်ခု ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဖမ်းဆီးခြင်းမခံရခင် အချိန်ပိုင်းအလိုက The Voice နှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

ဦးကျော်ဇောဦးက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီးနောက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပြီး ရခိုင်အမျိုးသား ပါတီ (ANP) သို့ ဝင်ရောက်ကာ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ သည်။

လက်ရှိအချိန်တွင် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် နုတ်ထွက် စာတင်ပြီးနောက် ၎င်းကလည်း နုတ်ထွက်စာတင်လာရာ ရခိုင်အမျိုးသားပါတီက တရားဝင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ နုတ်ထွက်ခွင့်မပြုသေးကြောင်း သိရသည်။

“ကျွန်တော့်ကို နုတ်ထွက်ခွင့်မပေးဘူး၊ ဒါပေမဲ့ အဲဒီပါတီမှာ ကျွန်တော်ပါဝင်တယ်ဆိုတာကို လူထုကို ယုံကြည်အောင် ကျွန်တော်လုပ်ထားလို့ရတယ်။ ကျွန်တော့်ကို ဒီပါတီမှာ ပါဝင်လို့မရအောင် တစ်ဖက်က တားဆီးထားတယ်ဆိုတာကို လူထုကယုံကြည်ရင် ကျွန်တော်ပါဝင်ခွင့်မရတဲ့ ပါတီဟာ ကျွန်တော့်ပါတီလို့ လူထုယုံကြည်မှုနဲ့ ချီတက်သွားမယ်”ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

The Voice

 

0 comments:

Post a Comment