Monday, February 19, 2018

အစိုးရကို ဆန့်ကျင်သည့် အသုံးအနှုန်း မသုံးရဆိုခြင်းမှာ အာဏာရှင်ဆန်သည့် လုပ်ရပ်ဟုဆို


အစည်းအဝေးတွင် အစိုးရကို ဆန့်ကျင်သည့် အသုံးအနှုန်းများကို မသုံးရဟု တားမြစ်ခြင်းမှာ အာဏာရှင် ဆန်သည့် လုပ်ရပ် ဖြစ်သည်ဟု ရက္ခိုင့်အလင်းတံခါး တက်ကြွ လှုပ်ရှားသူများ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောသည်။
စစ်တွေရှိ ခိုင်သဇင်ခန်းမကို ငှားရမ်းရန် စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု ကော်မတီမှ စစ်တွေ မြို့နယ် စည်ပင်သို့ စာတင်ခဲ့ကြောင်း၊ စစ်တွေစည်ပင်မှ စာပြန်ရာ၌ ၎င်းခန်းမကို ငှားမည်ဆိုပါက အစည်းအဝေးတွင် အစိုးရကို ဆန့်ကျင်သည့် အသုံးအနှုန်း မသုံးရဟု ပါရှိကြောင်း၊ ၎င်းပြန်ကြားစာနှင့် ပတ်သက်ပြီး မည်သို့ သဘောထား ရှိပါသလဲဟု မေးမြန်းရာ အစည်းအဝေးလုပ်ရန် ခွင့်ပြုချက်တင်ခဲ့သူ ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ယင်းလုပ်ရပ်မှာ အာဏာရှင်ဆန် သည့် လုပ်ရပ်ဟု တုန့်ပြန်ပြောကြားသွားခြင်း ဖြစ်သည်။

“ ကျွန်မတို့ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု ကော်မတီရဲ့ စီစဉ်မှုနဲ့ မြောက်ဦး ဖြစ်စဉ် အပါအ၀င် မောင်တောမြို့နယ်တွင် တိုင်းရင်းသားများ အခြေချ နေထိုင်ရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ လူမှုအဖွဲ့အစည်းတွေ ပါဝင်ပြီးတော့ အစည်းအဝေး ပြုလုပ်ဖို့ စစ်တွေမြို့မှာရှိတဲ့ ခိုင်သဇင် ခန်းမကို သုံးပြုခွင့်ပြုဖို့ စစ်တွေမြို့နယ် စည်ပင် ကော်မတီကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က တင်ပြခဲ့ပါတယ်” ဟု ဒေါ်ကျော့စိန်က ပြောသည်။

သူမက“စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီဆိုတာ မှတ်ပုံ တင်ထားတဲ့ NGO အဖွဲ့အစည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် ခန်းမကို ငှားရမ်းခွင့်မပြုနိုင်ဘူး။ မှတ်ပုံတင်ထားတဲ့ အထောက်အ ထားတွေကို တင်ပြနိုင်ရမယ့်အပြင် အစည်းအဝေးမှာ အစိုးရကို ဆန့်ကျင်တဲ့ စကားလုံးတွေကို လုံးဝ မသုံးနှုန်းရဘူးဆိုပြီးတော့ စစ်တွေမြို့နယ် စည်ပင်ကော်မတီ အမှုဆောင်အရာရှိ ဦးကျော်မိုးဆီက စာပြန် လာပါတယ်”ဟု သူမက ပြောဆိုသည်။

NLD အစိုးရသည် စစ်အာဏာရှင်ကို ဆန့်ကျင်၍ တက်လာသော်လည်း ယခုအချိန်တွင် စစ်အာဏာရှင်များ ထက် ပိုးဆိုးနေသည်ဟု ၄င်းက ဝေဖန်ပြောကြားသည်။

ဦးသိန်းစိန်အစိုးရလက်တွင် လူမှုအဖွဲ့အစည်းများအနေဖြင့် မည်သည့်အကြောင်းအရာ ကိစ္စရပ်များအတွက် မဆို အစည်းအဝေးပြုလုပ်မည်ဆိုပါ ဟန့်တားပိတ်ပင်မှုမရှိဘဲ လိုလိုလားလား ခွင့်ပြုခဲ့သည်ဟု သူမက ပြော သည်။

“အခုအစိုးရလက်ထက်မှာတော့ သူတို့ကို မကောင်းမပြောရဘူး။ သူတို့ကိုပဲ အကောင်း ပြောရမယ် ဆို တာက အမှန်တရားတွေကို မပြောရတော့ဘူးပေါ့။ သူတို့ ပါပဲလုပ်လုပ် ကောင်းတယ်လို့ ပြောရမယ်ဆိုလို့ ရှိရင် အဲ့ဒီအစိုးရကို လုံးဝကို အလိုမရှိတော့ဘူး”ဒေါ်ကျော့စိန်က ဆက်လက် ပြောကြားသည်။

“ဦးညီပုဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်ဖြစ်လာပြီး လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတုန်း ကတော့ အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်မှ ဒီမိုကရေစီ လမ်းစဉ်ကို လျှောက်လှမ်းနိုင်မယ်လို့ ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲ့ဒီ စကားကို သွေဖယ်ပြီးတော့ အစိုးရအနေနဲ့ ရခိုင်က လူမှုအဖွဲ့အစည်းတွေကို ဆက်ဆံပုံ တွေဟာ အာဏာရှင် ဆန်လာပါတယ်”ဟု ဒေါ်ကျော့စိန်က ပြောသည်။

ယခုလက်ရှိ NLD အစိုးရအနေဖြင့် ပြည်သူ့သဘောထားများကို သွေဖယ်ကာ လုပ်ဆောင် နေမှုများကို ပြန် လည်သုံးသပ်သင့်သည်ဟု ဒေါ်ကျော့စိန်ကပြောသည်။

ခိုင်သဇင်ခန်းမတွင် အစည်းအဝေးပြုလုပ်ခွင့်မရသည့်အတွက် ဖေဖော်ဝါရီလ၂၄ ရက်နေ့ အစည်းအဝေးကို စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ အစည်းအဝေးဆုံးဖြတ်များကို ပြည်သူသို့ ချပြနိုင်ရန် နောက်ထပ် အစည်းအဝေးတစ်ရပ်ကို အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး သိမ်တော်ကြီး တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်နိုင်ရန် သက်ဆိုင်ရာနေရာများမှ ထောက်ခံချက်များကို ရယူပြီး အစည်းအဝေးခွင့်ပြုချက်ကို ယနေ့တွင်သွင်းသွားမည်ဟု သိရသည်။

အစည်းအဝေးတွင် အစိုးရကို ဆန့်ကျင်၍ မပြောရဆိုသည့်ကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ် စည်ပင်ကော် မတီမှ အမှုဆောင်အရာရှိ ဦးကျော်မိုးကို နိရဉ္စရာသတင်းဌာနမှ မေးမြန်းရာ ၄င်းက “ခန်းမကို သုံးစွဲခွင့်ပြုရင် အစိုးရကို ဆန့်ကျင်ပြီး မပြောကြားရဆိုပြီးတော့ အထက်က ညွှန်ကြားထားချက်တွေ ရရှိထားပါတယ်။

ငြိမ်းစုစီလုပ်ရင်လည်း အဲ့ဒီစည်းကမ်းချက်တွေက ပါတယ်လေ။ အသင်းအဖွဲ့ မှတ်ပုံ တင်ဆိုတာကတော့ နောက်ပိုင်းမှာ အစည်းအဝေးလုပ်မယ်လို့ တရားဝင် ခွင့်ပြုချက် တောင်းတဲ့ အသင်းအဖွဲ့တွေကို အသင်းအဖွဲ့ မှတ်ပုံတင်ပါမှ ငှားရမ်းခွင့်ပြုရမယ်လို့ ညွှန်ကြားထားတာတွေ ရှိပါတယ်”ဟု ပြောကြားသည်။

(ယခင်က ဤခိုင်သဇင်ခန်းမအား လူမှုအဖွဲ့အစည်းများ အနေဖြင့် လွတ်လပ်စွာ အသုံးပြုခွင့်ရခဲ့သော်လည်း ယခုအခါ တင်းကျပ်မှုများရှိလာ)
Narinjara

0 comments:

Post a Comment