Monday, February 19, 2018

ဘင်္ဂလာဒေ့ရှ် လူ့အခွင့်အရေးကော်မရှင်မှ ရခိုင်မျိုးနွယ်စုဝင်ညီအစ်မနှစ်ဦးကို ဘင်္ဂလာဒေ့ရှ်စစ်တပ်မှ အဓမ္မပြုကျင့်ခြင်းကို စစ်ဆေးရန် ကော်မတီဖွဲ့


ဘင်္ဂလာဒေ့ရှ် လူ့အခွင့်အရေး ကော်မရှင် NHRC မှ ဘင်္ဂလာဒေ့ရှ်စစ်တပ်မှ ရခိုင်မျိုးနွယ်စုဝင် မာရမာ အမျိုး သမီး ညီအစ်မ နှစ်ဦးကို အဓမ္မပြုကျင့်ခြင်းကို စစ်ဆေးရန် ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာတွင် ဖော်ပြသည်။
ဘင်္ဂလာဒေ့ရှ် လူ့အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ၎င်းကော်မတီသည် အခင်းဖြစ် ပွားရာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသရှိ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ ရန်ဂါမ တီဒေသထိ သွားရောက်ပြီး ၎င်းမိန်းခလေး နှစ်ဦးအအပါဝင် သက်ဆိုင်သူများကို စစ်ဆေးမည် ဖြစ်ကြောင်း ဖော်ပြသည်။

ရခိုင်မျိုးနွယ်စုဝင် မာရမာညီအစ်မနှစ်ဦးကို ဘင်္ဂလာဒေ့ရှ်စစ်သားများမှ စစ်တကောင်းတောင်တန်းနယ် ရန်ဂါမတီ ခရိုင် Bilaicchari တွင် မုဒိမ်းပြုကျင့်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

၎င်းစစ်ဆေးရေး ကော်မတီသည် ခုနှစ်ရက်အတွင်း အစီရင်ခံစာကို ပို့ပေးရမည်ဖြစ်ကြောင်း သိရသည်။ စစ်ဆေးတွေ့ရှိချက်များကို အစိုးရအား တင်ပြပြီး အဓမ္မပြုကျင့်သည့် စစ်သားများကို စိစစ်ဖော်ထုတ် အရေး ယူရန် တင်ပြသွားမည်ဟု ဆိုသည်။

အဓမ္မပြုကျင့်ခံရသည့် ညီအစ်မနှစ်ဦးမှာ အသက် (၁၈) နှစ်အရွယ် တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ (၁၃) နှစ်အရွယ်ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၂၂ ရက်နေ့က သူမတို့နေထိုင်ရာ Bilaicchari တွင် ဘင်္ဂလာဒေ့ရှ် စစ်တပ် မှ လုံခြုံရေးဆောင်ရွက်စဉ် မုဒိမ်းကျင့်ကြောင်း၊ အဆိုပါနေ့တွင်ပင် ၎င်းညီအစ်မ နှစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းအမျိုးသမီးငယ် နှစ်ဦးဆေးရုံတက်ရောက်ကုသနေစဉ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ၎င်းညီအစ်မနှစ်ဦးကို မိဘထံသို့ ပြန်အပ်မည်ဟု အကြောင်းပြကာ ဘင်္ဂလာဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆေးရုံမှ ပြန်ပေးဆွဲ ခေါ်ဆောင်သွားသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

(မာရမာ လူမျိုးမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် နေထိုင်ပြီး တောင်ပေါ်နေထိုင်ကြ ကာ မာရမာဟု ခေါ်ဆိုသော်လည်း ရခိုင်နှင့် ဘာသာစကား၊ ကိုးကွယ်ယဉ်ကျေးမှုများ အားလုံးတူညီသည့် လူမျိုး တစ်မျိုး ဖြစ်သည်။ ယခင်က သူတို့ကို ရခိုင်ဟု ခေါ်ဆိုကြသည်။)

Ref: NHRC to form Committee to probe alleged assault, rape on Marma sisters by Bangladeshi Army
Narinjara


 

0 comments:

Post a Comment