Monday, February 5, 2018

၁၃၀၀ ပြည့်အရေးတော်ပုံတွင် ကျဆုံးခဲ့သောအာဇာနည်များကို ဂုဏ်ပြုအခမ်းအနားကျင်းပမည်


၁၃၀၀ ပြည့်အရေးတော်ပုံကာလက ကျဆုံးခဲ့သော မန္တလေးမြို့မှ အာဇာနည်များအတွက် ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား အာဇာနည်ဗိမာန် (မန္တလေး) ၌ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
ယင်းအခမ်းအနားတွင် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူကာ ရေစက် ချ အမျှပေးဝေမည်ဖြစ်ကာ အာဇာနည် ၁၇ ဦးကို အလေးပြုခြင်း၊ ဆရာတော်များထံမှ ဩဝါဒခံယူခြင်းများ ပါဝင်မည်ဖြစ်ကြောင်း ၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၁၃၀၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၇ ရက် (၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်) နေ့က အစိုးရကိုကန့် ကွက်ရန် အိမ်တော်ရာရင်ပြင်၌ လူတစ်သိန်းကျော် စုဝေးမိကြပြီး ဆန္ဒပြရန် အိမ်တော်ရာ မြောက်ပေါက်မှ ထွက်၍ ၂၆ (ဘီ) လမ်းမှ ချီတက်ခဲ့ရာ ကြေးနန်းရုံးရှေ့အရောက် အရေးပိုင်နှင့် ရာဇဝတ်ဝန်ကြီးတို့ ဦးဆောင်သော စစ်သားများက သေနတ်နှင့်ပစ်ခတ်ခဲ့သောကြောင့် ရဟန်းရှင်လူ ၁၇ ဦးကျဆုံးခဲ့ရာ ၎င်းတို့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေး-စစ်ကိုင်းလမ်းပေါ်ရှိ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီ သူကြွယ်ကုန်းတွင် ကျဆုံးအာဇာနည် ၁၇ ဦးကို ရည်စူး၍ အာဇာနည်ဗိမာန်ကို တည်ဆောက်ထားသည်။ 

The Voice


0 comments:

Post a Comment