ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနောင်း သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအနေနှင့် ဆရာတော် ဦးဝီရသူကို ခြေဖမိုးဦးခိုက်ကာ ရှိခိုးတောင်းပန်ပါက စွဲဆိုထားသည့်အမှုကို ပိတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေက ပြောကြားသည်။
မြန်မာနောင်းသတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်းသည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်ခဲ့သူ ဦးဝီရသူ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားခဲ့စေသည်ဟုဆိုကာ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ ဖြင့် အရေးယူပေး ရန် တရားလို ပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ကိုဆွေဝင်းသည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဆရာတော်ဦးဝီရသူ ပါရာဇိက ကျသွားပြီဖြစ်ကြောင်း သိရသည်ဟု ရေးသားခဲ့သည့်အပေါ် ဆရာတော် ဦးဝီရသူ၏ ဒါယကာတစ်ဦးဖြစ်သည့် ဦးကျော်မျိုးရွှေက ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်နေ့က မဟာအောင်မြေမြို့နယ်၊ အမှတ် (၇) နယ်မြေရဲစခန်းတွင် တိုင်ကြား ခဲ့ခြင်းကြောင့် ကိုဆွေဝင်းကို မဟာအောင်မြေ မြို့နယ်တရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၁၈ ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခဲ့သည်။
“ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အမှားတစ်ခုကို ထောက်ပြတာ။ အဲ့ဒီအမှားဟာ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတယ်လို့မြင်တယ်။ ကျွန်တော်က ဆရာတော် ဦးဝီရသူနဲ့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုလည်း မရှိဘူး။ မတောင်းပန်နိုင်ဘူးဆိုတာကလည်း ခေါင်းမာတာ၊ တစ်ယူသန်တာတွေကြောင့် မဟုတ်ဘူး။ ကျွန်တော်က မှားနေတဲ့အရာကို မှန်တယ်လို့ ပြောမပေးနိုင်ဘူး။ မန္တလေးမြို့က ဆရာတော်တစ်ပါးကို အင်တာဗျူးပြီးတော့ သတင်းဌာနတစ်ခုက သတင်းရေးတယ်။ အဲ့ဒါကို ကျွန်တော်က ရှယ် (ပြန်လည်မျှဝေခြင်း) တာ။ ကျွန်တော်ရဲ့ ကိုယ်ပိုင်သုံးသပ်ချက် တစ်ခုမဟုတ်ဘူး။ မှားနေတာကို ထောက်ပြခဲ့တာ ဖြစ်ပါတယ်”ဟု ကိုဆွေဝင်းက တုံ့ပြန်ပြောဆိုသည်။
ယင်းအမှုနှင့်ပတ်သက်၍ တရားလိုကို တတိယအကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ဆေးရာ တရားလိုဘက်က သက်သေများ တင်ပြခဲ့ရာ တရားလိုဘက်က တင်သွင်းခဲ့သည့် သက်သေများ အနက် RFA သတင်းဌာနက ကိုဆွေဝင်းကို အင်တာဗျူးထားသည့် ဗီဒီယိုဖိုင်တစ်ခု ပါဝင်နေသောကြောင့် အဆိုပါဗီဒီယိုဖိုင်သည် RFA သတင်းဌာနထံမှ တရားဝင်ခွင့်ပြုချက် ရယူကာ ကူးယူထားခြင်း ဟုတ် မဟုတ်နှင့် သတင်းဌာနက လွှင့်တင်ခဲ့သည့် ဗီဒီယိုဖိုင် ဟုတ် မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသည့်အတွက် ကိုဆွေဝင်း၏ ရှေ့နေများက ကန့်ကွက်ကြောင်း တင်ပြခဲ့သည်။
ထိုသို့ကန့်ကွက်ခဲ့သော်လည်း မြို့နယ်တရားရုံးက ယင်းသက်သေကို လက်ခံခဲ့သည့်အတွက် တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိသောကြောင့် နောက်တစ်ပတ် ရုံးချိန်းဖြစ်သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မတိုင်မီ ခရိုင် တရားရုံးသို့ ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားသွားမည်ဖြစ်ကြောင်း ကိုဆွေဝင်း၏ဥပဒေ အကြံပေးအဖွဲ့မှ ဦးခင်မောင်မြင့်က ပြောကြားသည်။
The Voice
0 comments:
Post a Comment