Wednesday, February 14, 2018

မကွေးတိုင်း လစ်လပ်ဝန်ကြီးနှစ်ဦး အစားထိုးနိုင်ရေးအတွက် လွှတ်တော်တွင် အမည်စာရင်းတင်


မကွေးတိုင်းဒေသကြီးတွင် လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာတွင် အစားထိုးပြန်ခန့်နိုင်ရေးအတွက် အမည်စာရင်းကို ဖေဖော်ဝါရီလ ၁၄ ရက်တွင်ကျင်းပသော မကွေးတိုင်းလွှတ်တော်အရေးပေါ် အစည်း အဝေးတွင် တင်သွင်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 
အဆိုပါ လစ်လပ်နေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဦးအေးငွေကိုလည်းကောင်း၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဦးအောင်ကျော်မိုးကိုလည်းကောင်း ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ကြောင်း ဆောမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောသည်။

တိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးအေးငွေ (၆၉ နှစ်) မှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး (ငြိမ်း) ဖြစ်ကြောင်း၊ ယင်းအပြင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝန်ကြီး အဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးအောင်ကျော်မိုး (၆၇ နှစ်)မှာ ခရိုင်ပညာရေးမှူး (ငြိမ်း) ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

အဆိုပါ ဝန်ကြီးနှစ်ဦး၏ အမည်စာရင်း အတည်ပြုနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁၅ ရက်တွင် တစ်ရက် နားပြီး လွှတ်တော်ကိုယ်စားလှယ်များက လေ့လာမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ တိုင်းလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

မကွေးတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့ကို ဇန်နဝါရီလ ၁၀ ရက်က ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့်ကို သမ္မတက ခွင့်ပြုခဲ့သည်။ 

ယင်းကြောင့် လစ်လပ်သွားသည့် ဝန်ကြီးနှစ်ဦး၏ ရာထူးနေရာတွင် အစားထိုးခန့်အပ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက်တွင် မကွေးတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပနေခြင်း ဖြစ်သည်။ 

အဆိုပါ ဝန်ကြီးအဖြစ်ခန့်အပ်ရန် အမည်စာရင်းတင်သွင်းခံရသူများမှာ ပြည်သူ့အကျိုးကို အစိုးရ၏မူဝါဒနှင့် အညီ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော် မျိုးဝင်းက ပြောကြားသည်။ 

အသစ်ခန့်အပ်မည့် ဝန်ကြီးနှစ်ပါးကို လေ့လာရန် အချိန်တစ်ရက်သာရကြောင်း၊ လစ်လပ်နေသော ဝန်ကြီးနေရာနှစ်ခုမှာ တိုင်းအစိုးရအတွက် အလွန်အရေးပါသည့်အပြင် ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးရန် အများဆုံးထိတွေ့ရမည့် ဝန်ကြီးဌာနများ ဖြစ်သောကြောင့် ခန့်အပ်မည့် ဝန်ကြီးများ၏ အရည်အချင်းမှာ အလွန်အရေးကြီးကြောင်း သရက်မြို့ အမှတ်(၂)မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောသည်။ 

The Voice

0 comments:

Post a Comment