Thursday, June 14, 2018

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ နိုင်ငံခြားသားပါဝင်သောစုံစမ်းရေးကော်မရှင်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်


နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောစုံစမ်းရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတကာမှပုဂ္ဂိုလ်ကြီးတစ်ဦးအပါအ၀င် အဖွဲ့ဝင်သုံးဦးဖြင့် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့်စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့၏စစ်ဆေးခြင်းနည်းလမ်းဟူသည့် လမ်းနှစ်သွယ်ပါရှိခဲ့ပါသည်။ ထိုလမ်းနှစ်သွယ်ပါ တောင်းဆိုချက် များ သည် မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်လာသည့် တောင်းဆိုချက်များဖြစ်၍ လက်ခံနိုင်ဖွယ်မရှိပါ။ 

သို့ရာ တွင် ပြည်တွင်းမှကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ပါသည်။ ထိုကဲ့သို့ ပြည်ပပုဂ္ဂိုလ်ပါဝင်ဖွဲ့စည်းမည်ဆိုပါက ကိုဖီအာနန်ကော်မရှင်ကဲ့သို့ မြန်မာနိုင်ငံအကျိုးမပါသည့်အဖြစ်မျိုး ထပ်မံဖြစ်လာနိုင်သည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက ယူဆပါသည်။
ဤကော်မရှင်ကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လွှတ်တော်တွင်မဲခွဲ၍ လူအင်အားနှင့် အနိုင်ယူဆောင်ရွက်ခဲ့သည့် လွှတ်တော်လုပ်ရပ်၏ အကျိုးဆက်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီလွှတ်တော်ကို အရုပ်ဆိုးအကျည်းတန်စေခဲ့ပေပြီ။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာ များကို နိုင်ငံခြားသားက ၀င်ရောက်ချယ်လှယ်ရေးတွင် လွှတ်တော်ကိုယ်စားလှယ်အများစု၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုခြင်းကြောင့် ၀မ်းနည်းဖွယ်ရာ ဖြစ်ခဲ့ရပါသည်။ လွှတ်တော်တွင် အများစုမဲဖြင့် ဆုံးဖြတ်သည့်တိုင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မဟုတ်ပါက လက်ခံနိုင်ဖွယ် မဟုတ်ပါ။ ထို့ကြောင့် ထိုဆုံးဖြတ်ချက်ကို အလေးအနက် ပြန်လည်စဉ်းစားရန် တောင်းဆိုပါသည်။
အမည်မသိ ၊အမျိုးမသိ ၊မည်သည့်အဖွဲ့အစည်းဝင်မှန်းပင် မသိရသေးသော နိုင်ငံခြားသားတစ်ဦးနှင့် ဖွဲ့စည်းမည့် သုံးဦးဆိုင်ကော်မရှင်ကို လွှတ်တော်ကလက်ခံခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မျက်စိမှိတ်၍ ထိုးအပ်ခြင်းဖြစ်၍ မသင့်တော်ပါ။ ထို့ပြင် ရခိုင်ဒေသအတွင်းဖြစ်ပျက်သမျှကို ၄င်းတို့စိတ်ကြိုက် စစ်ဆေးခွင့်ပေးခြင်းမှာ သူခိုးဓားရိုးကမ်းသည့်နှယ် တိုင်းတစ်ပါးတို့လက်သို့ အချုပ်အခြာအာဏာ၏ လုပ်ပိုင်ခွင့် တို့ကို မျက်နှာလွဲခဲပစ် ၀ကွက်အပ်နှင်းခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံသား ဖြစ်ရသည်ပင်လျှင် ကမ္ဘာ့အလည်တွင် မျက်နှာငယ် ရှက်ဖွယ်ဟု ယူဆရပေတော့မည်။
တိုင်းပြည်အတွက် အန္တရာယ်ကျရောက်လာနိုင်မည့် ယင်းကော်မရှင်ဖွဲ့စည်းမှုကို အရေးကြီးအဆိုတင်သည့် ဆွေးနွေးချက်များကို လက်ခံစဉ်းစား ခြင်း၊ ပြန်လည်သုံးသပ်ခြင်းပင် မပြုဘဲ မဲခွဲ၍ပယ်ဖျက်လိုက်ပေ သည်။ ဤသည်မှာ ကိုဖီအာနန်ကော်မရှင်ကဲ့သို့ ရခိုင်တိုင်းရင်း သားလူမျိုးအားလုံး၏ အမျိုးသားလုံခြုံရေးကို အာမခံချက်မဲ့စေပြီး ကျွန်ုပ်တို့၏ အချုပ်အခြာပိုင်နက်နယ်မြေကို ထိပါးလာစေရန် လမ်းကြောင်းပေးသည့် နှယ် ဖြစ်နေပေသည်။ သို့ပါ၍ နိုင်ငံတော်အား ဆိုးကျိုးများသက်ရောက်လာပါက အစိုးရနှင့် လွှတ်တော်၏ တာဝန်သာဖြစ်သည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီက ရှု့မြင်သုံးသပ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
National Democratic Force Party

0 comments:

Post a Comment