Thursday, June 14, 2018

ရှစ်လေးလုံးပြည်သူ့ပါတီကို ကန့်ကွက်မှုများရှိ၍ ရွေးကောက်ပွဲကော်မရှင် ခွင့်မပြု

ဦးကိုကိုကြီး ဦးဆောင်သော ရှစ်လေးလုံး ပြည်သူ့ပါတီ၏ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကန့်ကွက်မှုများရှိသဖြင့် ပါတီအမည်၊ အလံ၊ တံဆိပ်တို့အား ပြန်လည်ပြင်ဆင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းပါတီ ဖြစ်မြောက်ရေးအဖွဲ့ထံ အကြောင်းကြားထားကြောင်း ကော်မရှင်ပြောခွင့်ရသူ ဦးမြင့်နိုင်က ပြောကြားသည်။


အဆိုပါ ပါတီသည် ယခင်ရှစ်လေးလုံး ပါတီအမည်ဖြင့် မှတ်ပုံတင်ခဲ့သော်လည်း အကြောင်းထူးခြားမှုမရှိသဖြင့် ရှစ်လေးလုံး ပြည်သူ့ပါတီအမည်ဖြင့် အမည်ပြောင်းလဲ၍ ကော်မရှင်ထံ ဒုတိယအကြိမ် မှတ်ပုံတင်ခဲ့သော်လည်း ယခုကဲ့သို့ ထပ်မံပြင်ဆင်ရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“ပြန်ပြင်ဆင်ဖို့က အမည်တံဆိပ်၊ အလံအကုန်အကျုံးဝင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတွေကတော့ အများကြီးရှိထားတယ်လေ” ဟု ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောကြားသည်။

ရှစ်လေးလုံးပြည်သူ့ပါတီ၏နိုင်ငံရေး ပါတီတစ်ရပ်အဖြစ် တည်ထောင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၂၆ ရက်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယင်းပါတီ၏ အလံ၊ တံဆိပ်နှင့် ပတ်သက်၍ မေလ ၅ ရက်နေ့၌ စတင်ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့သည်။

ယခင်အမည်ဖြစ်သော ရှစ်လေးပါတီနှင့် ထပ်မံပြောင်းလဲလိုက်သော ရှစ်လေးလုံးပြည်သူ့ပါတီဟူသော အမည်နှင့် ပတ်သက်၍ အငြင်းပွားမှုများရှိခဲ့ပြီး ရှစ်လေးလုံးဟူသောအမည်သည် ရှစ်လေးလုံးအရေးတော်ပုံ၏ အစဉ်အလာနှင့် နိုင်ငံရေးအနှစ်သာရများကို အပိုင်စီးသလိုဖြစ်နေသည်ဟု နိုင်ငံရေးစိတ်ဝင်စားသူများက အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

ယခုကဲ့သို့ ကော်မရှင်မှ အကြောင်းပြန်ကြားချက်နှင့် ပတ်သက်၍ “ကျွန်တော်တို့ဘက်ကတော့ ကော်မရှင်နဲ့ ထပ်တွေ့ပြီးမှ ပြောလို့ရမယ်” ဟု ယင်းပါတီ၏ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က ဆိုသည်။

ယင်းပါတီ၏ ဒုတိယအကြိမ် အမည်ပြောင်းလဲမှတ်ပုံတင်ရာ၌ အမည်ထပ်မံပြောင်းလဲတော့မည်မဟုတ်ကြောင်း ပါတီခေါင်းဆောင်များက ပြောဆိုထားပြီး ဇွန်လ ၁၅ ရက်နေ့၌ ကော်မရှင်နှင့် ထပ်မံတွေ့ဆုံမည်ဖြစ်သည်။

ဝေလင်း
The Voice

0 comments:

Post a Comment