Wednesday, June 20, 2018

အစိုးရမသိဘဲ ကေအိုင်အေနယ်မြေက စစ်ဘေးရှောင်များကို ကူညီရင် အရေးယူခံရနိုင်


ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေအနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နယ်မြေရှိ စစ်ဘေးရှောင်စခန်းက ပြည်သူတွေကို သွားရောက်ကူညီရာမှာ ပြည်နယ်အစိုးရကို မတင်ပြဘဲသွားရောက်ပါက မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။

ကေအိုင်အေအဖွဲ့ဟာ လက်ရှိတည်ဆဲဥပဒေတွေအရ မတရားအသင်း လက်နက်ကိုင် အဖွဲ့အစည်းဖြစ်လို့ သူတို့နဲ့ ပြောဆိုကဆက်ဆံတာဟာ တည်ဆဲဥပဒေတွေအရ ညိစွန်းတာဖြစ်တယ်လို့ ဇွန်၂၀ ရက်က ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ အစိုးရသက်တမ်း ဒုတိယ တနှစ်တာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ကချင်ပြည်နယ်အစိုးရက ဒီဒေသရဲ့အစိုးရဖြစ်ပါတယ်။ ကျနော်တို့လိုအပ်သလိုစိစစ်တာ ပေါင်းစပ်ညှိနှိုင်းတာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို မတင်ပြဘဲနဲ့ မတရားအသင်းဖြစ်တဲ့ ကေအိုင်အေအဖွဲ့ကို သွားဆက်သွယ်တာဟာ ဥပဒေအရ ညိစွန်းတယ်ဆိုတာ ထင်ရှားပါတယ်။ ကျနော် သေသေချာချာပြောလိုပါတယ်။ ဒါကြောင့်မို့လို့ လူသားချင်းစာနာတဲ့အကူအညီတွေပေးနိုင်ဖို့ဆိုရင် တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အစိုးရ၊ တစိတ်တပိုင်းဖြစ်တဲ့ ကချင်ပြည်နယ်အစိုးရကို တင်ပြသွားရမှာဖြစ်ပါတယ်” လို့ ၀န်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးက ကေအိုင်အေနယ်မြေက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီ ထောက်ပံ့တာဟာ ပြဿနာမဟုတ်ကြောင်းနဲ့ ပြည်နယ်အစိုးရဘက်ကလည်း အဲဒီလို ကူညီထောက်ပံ့ပေးဖို့အရေးကို လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးလို့ရတယ်လို့ ဆက်ပြော ပါတယ်။

“အဲဒီတိမ်းရှောင်စခန်းတွေမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီထောက်ပံ့တာ ပြဿနာမဟုတ်ပါဘူး။ ကျနော်တို့ မသိနိုင်တဲ့ နောက်ကွယ်က မတရားအသင်းဖြစ်တဲ့ ကေအိုင်အေနဲ့ သွားတဲ့သူတွေဆက်ဆံတာဟာ ၁၇(၁)နဲ့ ငြိစွန်းနိုင်တယ်။ အဲဒါကြောင့် မသွားသင့်ဘူး”လို့ ဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၄ ရက်က ၀ိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းအသင်းတော် တာဝန်ရှိသူတွေဟာ ကေအိုင်အေနယ်မြေအတွင်းက မြန်မာ-တရုတ်နယ်စပ် မှတ်တိုင် (၆)နဲ့ (၈)နေရာတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခဲ့တာကြောင့် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက မေ၂၁ရက်မှာ နောက်နောင်မသွားဖို့ သတိပေးစာပေးပို့ခဲ့ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)ရဲ့ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ်ကတော့ ခရစ်ယာန်ဘာသာမှာ ရန်သူနဲ့ မိတ်ဆွေဆိုပြီး မရှိကြောင်းနဲ့ ကေဘီစီရဲ့ အဓိက ရည်ရွယ်ချက်က စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေအကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် ကေအိုင်အေထိန်းချုပ်နယ်မြေအပါအ၀င် ပြည်နယ်တခုလုံးမှာ စစ်ဘေးရှောင်စခန်း ၁၆၇ ခုရှိပြီး စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းကျော် ရှိနေပါတယ်။


ရဲမွန်
DVB

0 comments:

Post a Comment