Wednesday, June 6, 2018

ဖို့ဒ်ကား ၀ယ်ယူရေး/မ၀ယ်ယူရေးသည် တိုင်းပြည်အတွက် ဘာမှအရေးမပါဘဲ ၀က်ခြံကို အနာလုပ်နေဟု ကျော်ကိုကို ဝေဖန်


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးများအတွက် ဖို့ဒ်ကားဝယ်ယူရေး မ၀ယ်ယူရေးသည် တိုင်းပြည်အတွက် ဘာမှအရေးမပါဘဲ ၀က်ခြံကို အနာလုပ်နေသည်ဟု ဆိုရှယ် ဒီမိုကရက်တစ်တပ်ဦးမှ ကျော်ကိုကိုက ဇွန်လ ၆ရက်က ဝေဖန်ပြောကြားလိုက်သည်။

’’ဖို့ဒ်ကားနဲ့ပတ်သတ်ပြီး ကျွန်တော်ပြောချင်တာက ဒါကတကယ်ပဲ တိုင်းပြည်မှာ အရေးကြီးလား။မကြီးဘူးလား။ တိုင်းပြည်မှာ အရေးကြီးဆုံးကိစ္စက ဘာလဲ။ ပြည်သူလူထုပဲ။ ပြည်သူလူထုအတွက် တကယ်အရေးကြီးတဲ့ ကိစ္စမဟုတ်ဘဲ ဒါကို ငြင်းခုန်နေကြတာ သက်သက်အချိန်ဖြုန်းတာပဲ။ ၀က်ခြံကို အနာလုပ်နေတယ်လို့ ကျွန်တော် ပြောချင်တယ်’’ဟု ၄င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ စီးနင်းရန် ဖို့ဒ်ကားများ ၀ယ်ယူရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ကန့်ကွက်ခဲ့ပြီး အခြားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ကလည်း ဝေဖန်ပြောကြားခဲ့သည်။

အဆိုပါ ကားများဝယ်ယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီးဦးမြင့်သောင်းမှ ပြန်လည် ပြောကြားရာတွင် ယခုစီးနင်းနေသော ကားများမှာ စိတ်မချရကြောင်း စိတ်ချရသော ဖို့ဒ်ကားများကို ၀ယ်ယူလိုသည်ဟု ဆိုသည်။

’’နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရတစ်ဖွဲ့ က ကားကောင်းကြီးစီးမှ ဖြစ်မှာလား။ ငါတို့အားကိုးတဲ့ အစိုးရ က ဒီလိုကြီးလားဆိုတဲ့ ပြည်သူလူထုရဲ့ ပြစ်တင် ဝေဖန်သံတွေလည်း ကြားနေရတာပဲဗျာ။ စိတ်ပျက်စရာ ကောင်းလှပါတယ်’’ဟု NDF ဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌမှ ဦးခင်မောင်ဆွေကလည်း ပြောသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment