Wednesday, June 6, 2018

တရုတ်လူမျိုးတစ်ဦးက ယာဉ်မောင်းလိုင်စင် အတုများကို ပြုလုပ်ပေးနေ


မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် တရုတ်လူမျိုးဖြစ်သူ ဦးထွန်းလှိုင်က  တရုတ်နိုင်ငံဘက်မှ ပစ္စည်းများ တင်သွင်း၍  ယာဉ်မောင်းလိုင်စင် Smart Card အတုများကို  ပြုလုပ်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ယာဉ်မောင်းလိုင်စင် အတုများကို ပြုလုပ်ပေးရန် အတွက် ပြစ်မှုကျူးလွန်သူများက လူမှုကွန်ရက်စာ မျက်နှာတွင် ကြေညာထားမှုများရှိကြောင်း၊ အဆိုပါ လူမှုကွန်ရက်တွင် ကြေညာထားသည့် အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေးရာမှ ယာဉ်မောင်းလိုင်စင် အတုနှင့် ယာဉ်နံပါတ်ပြားအတုတို့ကို ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။ 

၎င်းတို့၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူ မှာ တရုတ်လူမျိုး တစ်ဦးဖြစ်ပြီး  တရုတ်ပြည်ဘက်မှ ပစ္စည်းများ ကို တင်သွင်းပြီး ယာဉ်မောင်းလိုင်စင်ကို နှစ်သိန်းခွဲကျပ်ဖြင့် ပြုလုပ်ပေးနေကြောင်း သိရသည်။

“ လိုင်စင်အတုတွေက တစ်နိုင်ငံလုံး လိုလိုကို ပျံ့နေပြီ။ အဓိက ကျူးလွန်တဲ့သူကိုတော့ မမိသေးဘူး။ တရုတ်ဘက်က ပစ္စည်းတွေ ကို အဓိက တင်သွင်းတာ။ အခုတောင် ဘယ်လောက် သွင်းပြီးပြီလဲ မသိဘူး။ ဖမ်းဆီးရမိတဲ့ အချိန်မှာတောင် တော်တော်များတယ်။ သူတို့က ဒီမှာ ရုံးခန်းတောင် ဖွင့်ထားသေးတယ်။ ကျွန်တော်တို့ကတော့ အကုန်လုံးကို လိုက်ပြီး မကြည့်နိုင်ဘူး။ တကယ်လို့ ယာဉ်မောင်းတွေအနေနဲ့လည်း လိုင်စင်အတု/အစစ် ခွဲခြားသိနိုင်အောင် သက်ဆိုင်ရာ ကညနရုံးမှာ သွားပြီးစစ်ဆေးပါလို့ ပြောချင်တယ်။ မဟုတ်လို့ရှိရင် ယာဉ်ထိန်းရဲက စစ်ဆေးလိုက်လို့ လိုင်စင်အတုဖြစ်နေရင် အရေးယူခံရမှာပေါ့”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် က ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ၈ သိန်းကျော်ရှိပြီး ယာဉ်မောင်းလိုင်စင်ကို ၇ သိန်းကျော်သာ ချထားပေးကြောင်း၊ ယင်းအပြင် ယာဉ်မောင်းလိုင်စင် အတုပြုလုပ်မှုများ ရှိနေသည့် အတွက်ကြောင့် ယာဉ်မောင်းလိုင်စင်ကတ် ကို လုံခြုံရေး အဆင့် တိုးမြှင့်သွားမည်ဖြစ်ပြီး လိုင်စင်အတွင်း ထည့်ထားသည့် chip တွင် ပြောင်းလဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment