Wednesday, June 6, 2018

မြန်မာတွင်ဥရောပကုမ္ပဏီ ၃၀၀ကျော် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံထား


မြန်မာနိုင်ငံမှာ ဖွဲ့စည်းထူထောင်လည်ပတ်နေတဲ့ ဥရောပသမဂ္ဂ (အီးယူ) ကုမ္ပဏီ ပေါင်း ၃ဝဝ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေ က ပြောပါတယ်။

ဇွန် ၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မြန်မာ-အီးယူ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့ရဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးဟာ ၂၀၁၈ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့် ရှိပါတယ်၊ မြန်မာ နိုင်ငံရှိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု စုစုပေါင်းတန်ဖိုးရဲ့ ၈ ဒသမ ၆၈ ရာခိုင်နှုန်း ခန့်ရှိပါ တယ်၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနဲ့အညီ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထူထောင် လည်ပတ်နေတဲ့ ဥရောပသမဂ္ဂ ကုမ္ပဏီ စုစုပေါင်း ၃ဝဝ ကျော် ရှိပါတယ်။”လိ့ဒုသမ္မတကပြောပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ကြဖို့လည်း ဒုတိယသမ္မတက တိုက်တွန်းသွားပါတယ်။

မြန်မာ-အီးယူ စီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေအကြား ရင်းနှီး မြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးအခန်းကဏ္ဍ၊ လူမှုရေးရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကဏ္ဍ၊ အထည်ချုပ်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကုန်စည်ပို့ဆောင်ရေးကဏ္ဍ၊ တရားမ၀င်ကုန်သွယ်မှု ဆန့်ကျင်ရေး ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ၊ စိုက်ပျိုးစီးပွားကဏ္ဍ စတဲ့ ကဏ္ဍ ၁၂ခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment