Tuesday, June 19, 2018

နိုင်ငံတကာသဘောင်္များတွင် အမျိုးသမီးများ တရားဝင်လုပ်ကိုင်နိုင်ရန် ၀န်ကြီးဌာနမှ ခွင့်ပြုပါက လွှတ်တော်သို့ တင်ပြမည်


မြန်မာအမျိုးသမီးများအား နိုင်ငံတကာအပျော်စီးသဘောင်္များပေါ်တွင် တရားဝင်လုပ်ကိုင်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုပါက လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

သဘောင်္သားစာအုပ်နှင့် နိုင်ငံကူးလက်မှတ်များထုတ်ပေးရန် ဇွန်လ ၁၄ ရက်၌ သိမ်ဖြူလမ်းရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရုံး၌ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ “ သဘောင်္သားပတ်စ်ပို့ကိုင်ပြီး တရားဝင်သွားတာက ပထမဦးဆုံးဖြစ်လာမှာပေါ့။ အခုက ညှိနှိုင်း ဆွေးနွေးဆဲ ဖြစ်တယ်။ သူတို့ခွင့်ပြုရင် လွှတ်တော်ကို တင်ပြသွားမယ်။ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာဖြစ်လို့ စဉ်းစဉ်းစားစားနဲ့ လုပ်ကြစေချင်ပါတယ်လို့ ပြောတဲ့သဘောရှိတယ်။ ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနတော့ မိန်းကလေးတွေကို အဲဒီလို့ပို့ဖို့တော့ သူတို့အစီအစဉ်လုပ်ထားတာ မရှိသေးဘူးလို့ ပြောတယ်။ ဒီပေါ်မှာ အမြတ်ထုတ်လိမ်လည်မယ့် သူတွေပေါ်လာနိုင်တယ်။ အများကြီးစဉ်းစားပြီးမှ ထုတ်ပေးမှာပါ ” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံတကာရှိ အပျော်စီးသဘောင်္များပေါ်၌ မြန်မာအမျိုးသမီးများအနေဖြင့် အဝတ်လျှော်၊ မီးပူးတိုက်၊ ထမင်းချက်၊ မီးဖိုချောင်အကူ၊ သန့်ရှင်းရေး၊ စားပွဲထိုးစသည့် အလုပ်များကို ဆောင်ရွက်နိုင်ရေးအတွက် တရားဝင်ခွင့်ပြုရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးချက်နှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုမှုရရှိပါက လွှတ်တော်သို့ ဆက်လက်တင်ပြကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ အခုလက်ရှိလည်း မြန်မာအမျိုးသမီးတွေ တစ်ခြားနိုင်ငံက အပျော်စီးသဘောင်္တွေပေါ်မှာ အများကြီးလိုက်နေကြတာပဲ။ တရားဝင်စာအုပ်ကိုင်ပြီး မသွားတဲ့အခါကျတော့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အများကြီးဆုံးရှုံးရတယ်။ မြန်မာပြည် ယဉ်ကျေးမှုနဲ့မတူဘူး၊ ဘာညာဆိုတာကလည်း အမျိုးသမီးတွေကို သွားပြီးနှောင့်ယှက်စော်ကားခွင့်မရှိဘူး။ ကိုယ်ထိလက်ရောက်လုပ်တာတွေက အပြည့်အဝကာကွယ်ထားတာတဲ့ ဥပဒေတွေ ရှိတယ်။ စေလွှတ်ဖြစ်ရင် အများကြီးကောင်းတာပေါ့။ ဟိုဘက်ကုမ္ပဏီက လူလာရွေးရင် ဒီကအစိုးရနဲ့ လုပ်ငန်းရှင်တွေက သေချာစိစစ်၊ စစ်မှန်တဲ့ဟာဆိုရင် လိုအပ်ချက်ပေါ်မူတည်ပြီး သင်တန်းပေးပြီး စေလွှတ်ရင်ကောင်းတာပေါ့။ ဒီကနေပို့မယ့် ကုမ္ပဏီကလည်း တာဝန်အပြည့်အဝယူရမယ် ” ဟု လွတ်လပ်သော မြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ကိုအောင်ကျော်လင်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်၌ ကုန်သည်/စက်မှုအသင်းချုပ်ရုံး၌ ကျင်းပသော နိုင်ငံတော်ဒုသမ္မတ (၁) ဦးဆောင်၍ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ၁၆ ကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံပင်လယ်ကူး သဘောင်္သားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အမျိုးသမီးသဘောင်္သားများအတွက် သဘောင်္ပေါ်တွင် အလုပ်လုပ်ကိုင်ခွင့်စာအုပ်နှင့် နိုင်ငံကူးလက်မှတ်များ တရားဝင်ထုတ်ပေးရန် တင်ပြခဲ့သေးကြောင်း သိရသည်။ 

သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment