Tuesday, June 19, 2018

ပြည်ခိုင်ဖြိုးပါတီသည် ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်ပြီး အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်မည့် ပါတီဟု ဆို


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်ပြီး အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်မည့်ပါတီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၏ခန်းမတွင် ဇွန်လ ၁၈ ရက်က ကျင်းပသည့် လူငယ်စွမ်းရည် မြှင့်တင်ရေးသင်တန်းတွင် ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။ 

“ အခုဖွင့်လှစ်တဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းဟာ ပထမဆုံးဖွင့်လှစ်တာဖြစ်ပါတယ်။ အရင်ပါတီရဲ့ လူငယ်တွေဟာ အခုဆိုရင် ပါတီခေါင်းဆောင်တွေဖြစ်နေကြပါပြီ။ ဒါကြောင့် လူငယ်တွေကို စွမ်းရည် မြှင့်တင်ရေး သင်တန်းတွေပေးပြီး လူကြီးတွေနေရာမှာ ပြောင်းလဲတာဝန်ပေးအပ်သွားမှာပါ။ ပါတီမှာ ကဏ္ဍအလိုက် တိုင်း/ခရိုင်/မြို့နယ်အဆင့်ထိတာဝန်ပေးအပ်ထားပါတယ်။ ဒီတာဝန်တွေကို လူငယ်တွေကပါ ပါဝင်ဆောင်ရွက်စေချင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ပြီး အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မယ့် ပါတီဖြစ်တဲ့အတွက် အမျိုး၊ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ရမှာက လူငယ်တွေရဲ့ တာဝန်သာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊တိုင်းခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကများနှင့်သင်တန်းသား (၄၉) ဦးတက်ရောက်ခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment