Tuesday, June 19, 2018

ပါလက်စတိုင်းအပေါ် ထောက်ခံမှုကြောင့် ရော်နယ်ဒိုအား တူရကီသမ္မတ ချီးကျူးစကားပြောဆို


၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုအား တူရကီနိုင်ငံသမ္မတ အာဒိုဂန်က ချီးကျူးပြောဆိုမှု ပြုလုပ်လိုက်သည်။

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုပွဲစဉ်ဖြစ်သည့် ပေါ်တူဂီနှင့် စပိန်အသင်းတို့ သုံးဂိုးစီသရေကျခဲ့သောပွဲစဉ်တွင် ရော်နယ်ဒို၏ စွမ်းဆောင်နိုင်မှုနှင့် ပါလက်စတိုင်းအပေါ် ထောက်ခံမှုတို့ကြောင့် သမ္မတ အာဒိုဂန်က ယခုကဲ့သို့ ချီးကျူးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ရော်နယ်ဒိုသည် ပေါ်တူဂီနှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ဟက်ထရစ်သွင်း ယူနိုင်ခဲ့သူဖြစ်သည်။

ရော်နယ်ဒိုသည် ပါလက်စတိုင်းတွင် ကျောင်းများ ဆောက်လုပ်ရန်အတွက် သူ၏ ဥရောပ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုအား ရီးရဲမက်ဒရစ်အသင်း ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သူဖြစ်ကာ ပါလက်စတိုင်းအပေါ် ထောက်ခံကြောင်း မကြာခဏ ဖွင့်ဟပြောဆိုလေ့ရှိသူဖြစ်သည်။ သမ္မတ အာဒိုဂန်သည် ပြီးခဲ့သည့် တနင်္လာနေ့ညနေပိုင်းတွင် တူရကီလူငယ်များနှင့် အမေးအဖြေပြုလုပ်မှု အစီအစဉ်တစ်ခုအတွင်း ရော်နယ်ဒိုအားချီးကျူးစကားပြောဆို ခဲ့ခြင်းဖြစ်သည်။

“စပိန်နဲ့ပွဲမှာ ပြစ်ဒဏ်ဘောကနေတဆင့် ရော်နယ်ဒို ကန်သွင်းယူခဲ့တဲ့ဂိုးက တကယ့်ကို ကာကွယ်ဖို့ ခက်တဲ့ ဂိုးပါ။ လူတိုင်း အဲဒီလို စွမ်းဆောင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်၊ ပင်ကိုယ်စရိုက်၊ ယုံကြည်မှုနဲ့ ပါလက်စတိုင်းအရေးမှာ သူ့ရဲ့ ခံယူချက်တွေကြောင့် ရော်နယ်ဒိုကို ချီးကျူးပါတယ်”ဟု သမ္မတ အာဒိုဂန်က ပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းများအနက် မည်သည့်အသင်းကို အနှစ်သက်ဆုံးဖြစ်ပါသလဲဟု မေးမြန်းမှု ကို သမ္မတ အာဒိုဂန်ုက “ ဂျာမနီလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် မှားသွားတယ်။ ဂျာမနီအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ရှုံးပွဲကြုံခဲ့ရပြီး သူတို့အတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ အသင်းကြီးတွေ အများစုလည်း ရုန်းကန်ခဲ့ရတာပါပဲ။ ဂျာမနီအသင်း ရှုံးပွဲကြုံခဲ့သလို ဘရာဇီးအသင်းဆိုရင်လည်း သရေရလဒ်ပဲ ရခဲ့တယ်။ မက္ကဆီကိုအသင်းကတော့ ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပါပြီ”ဟု ဖြေဆိုခဲ့သည်။


(အကုန်သိသတင်းဌာန)


0 comments:

Post a Comment