Friday, June 15, 2018

နျူစစ်ပွဲအန္တရာယ်မှ ကမ္ဘာကြီး လွတ်ကင်းသွားပြီဟု ထရမ့်နှင့် မွန်ဂျေအင်းတို့ အာမခံပြောကြား၊ နျူလက်နက်ဖြုတ်သိမ်းမှုပြီးပြတ်မှ ပြုံယမ်းအပေါ် ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးမည်


ကမ္ဘာကြီးသည် နျူကလီးယားစစ်ပွဲအန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောဆိုလိုက်သည့်နေ့တွင်ပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြောက်ကိုရီးယားထံမှ နျူကလီးယားအန္တရာယ်ပြု ခြိမ်းခြောက်မည့်ကိစ္စ ရှိတော့မည်မဟုတ်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သတင်း မီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရသည်။ 

ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲပြီးနောက် တစ်ရက်ကျော်အကြာတွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက “အဲဒီ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ကြတာတွေ အတော်များပါတယ်၊ ဒါပေမဲ့ အရေးအကြီးဆုံးက ဟောဒီကမ္ဘာကြီးမှာရှိတဲ့ ပြည်သူတွေ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ ကိုရီးယားတွေ အားလုံး နျူကလီးယားလက်နက်တွေ၊ ဒုံးကျည်တွေနဲ့ဖြစ်တဲ့ စစ်ပွဲကြီးတစ်ခုရဲ့အန္တရာယ်ကနေ လွတ်မြောက်သွားနိုင်ခဲ့တာပါပဲ”ဟု ဆိုးလ်မြို့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်တွေ့ဆုံရာ၌ ပြောကြားသည်။ 

နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း “ကျွန်တော်တို့ စင်ကာပူမှာ အင်မတန် ထူးခြားကောင်းမွန်တဲ့ အဆင့်တစ်ဆင့်ကို ရောက်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာ ယုံကြည်ပါတယ်”ဟု သမ္မတမွန်ဂျေအင်းကို ပြောကြားသည်။ 

အမေရိကန်သမ္မတ ထရမ့်ကမူ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ပြီး အမေရိကသို့ ပြန်လည်ရောက်ရှိခိုက်မှာပင် မြောက်ကိုရီးယားနိုင်ငံထံမှ နျူကလီးယားခြိမ်းခြောက်မှုမျိုး ရှိတော့မည်မဟုတ်ကြောင်း Twitter မှတစ်ဆင့် ပြောကြားသည်။ 

“ခုပဲလေယာဉ်ဆိုက်တယ်၊ ခရီးရှည်ကြီးပဲ။ ကျွန်တော်သမ္မတစဖြစ်တဲ့နေ့ကထက် ဒီကနေ့ဟာ လူတိုင်းအတွက် ပိုပြီး လုံခြုံစိတ်ချမှုရှိသွားပြီလို့ပဲ ပြောချင်ပါတယ်။ မြောက်ကိုရီးယားဆီက နျူကလီးယားခြိမ်းခြောက်မှု အန္တရာယ်ရှိတော့မှာ မဟုတ်ပါဘူး။ ကင်ဂျုံအန်းနဲ့ ဆွေးနွေးရတာဟာ စိတ်ဝင်စားစရာကောင်းလွန်းပြီး အင်မတန်အပေါင်းလက္ခဏာဆောင်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ မြောက်ကိုရီးယားဟာ အနာဂတ်အတွက် အလားအလာတွေ အများကြီးရှိနေပါပြီ” ဟု ဒေါ်နယ်ထရမ့်က ဖော်ပြသည်။ 

ကင်ဂျုံအန်းသည် ကိုရီးယားကျွန်း ဆွယ်ဒေသ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စကို အပြီးသတ်ဆောင်ရွက် ပါမည့်အကြောင်း ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ သို့အတွက်ကြောင့် ထရမ့်ကလည်း တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ လုပ်ဆောင်နေသော ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောဆိုသည်။ 

ကင်ဂျုံအန်းနှင့် ဒေါ်နယ်ထရမ့်တို့ လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံသဘော တူစာချုပ်တွင် နျူကလီးယားလက်နက် ဖျက်သိမ်းမည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အစီအစဉ် မပါဝင်သလို မြောက်ကိုရီးယားအား ဝါရှင်တန်က လုံခြုံရေးအတွက် အာမခံချက်ပေးသည်ဆိုသော ကိစ္စအတွက်လည်း အတိအကျဖော်ပြထားခြင်းမရှိပေ။ 

သို့သော် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေးနှင့်ပတ်သက်သော အရေးကြီးသည့်လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထားပြီး လုပ်ဆောင်ပေးလိမ့်မည်ဟု ဝါရှင်တန်အနေနှင့် မျှော်လင့်ထားကြောင်း ပြောကြားသည်။ 

“မြောက်ကိုရီးယားနဲ့ ပူးပေါင်း အကောင်အထည်ဖော်ရမယ့် အပေးအယူကိစ္စကြီးတွေ အများကြီးရှိနေပါသေးတယ်” ဟု မိုက်ပွန်ပီယိုက ဆိုပြီး အရေးကြီးသည့် လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်ကို ၂ နှစ်ခွဲတာကာလအတွင်း အပြီးသတ်လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် စင်ကာပူတွင် ကျင်းပခဲ့သော ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ တောင်ကိုရီးယားအစိုးရကို ရှင်းလင်းအသိပေးရန် ဆိုးလ်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ 

တောင်ကိုရီးယားနှင့် ဂျပန်စသည် နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိုက်ပွန်ပီယိုက နျူကလီးယားလက်နက်ဖျက်သိမ်းမှုကို အပြီးသတ်လုပ်ဆောင်ပြခြင်း မရှိသေးသရွေ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ထားရှိဦးမည်ဖြစ်သည်ဟု ကြေညာသည်။

The Voice

0 comments:

Post a Comment