Friday, June 15, 2018

တရားဥပဒေစိုးမိုးရေးမရှိလျှင် ငြိမ်းချမ်းရေး ဘယ်တော့မှ ရှိလာမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးမှုမရှိလျှင် ငြိမ်းချမ်းရေး ဘယ်တော့မှ ရှိလာမည်မဟုတ်ဟု ဇွန်လ ၁၄ ရက်က မော်လမြိုင်မြို့ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြောကြားခဲ့သည်။ 

“ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးဖက်ဒရယ်ရဖို့အတွက် တိုက်ခိုက်နေကြတယ်၊ လွတ်လပ်ရေးဆိုတာ ကိုယ်လုပ်ချင်သလို လုပ်လို့ရတာမဟုတ်ဘူး၊ လွတ်လပ်ရေးဆိုတာ တရားမျှတတဲ့ ဥပဒေဘောင်အတွင်းကနေပြီးတော့ ကိုယ်လုပ်ချင်တာ လုပ်လို့ရတာပါ၊ အဲဒီ ဘောင်အတွင်းကနေ မဟုတ်ဘူးဆိုရင် တကယ့်လွတ်လပ်ရေးမဟုတ်ဘူး၊ ဒါဟာ သောင်းကျန်းသူပဲဖြစ်သွားမယ်၊ ငြိမ်းချမ်းရေးအတွက် လုပ်တဲ့ကိစ္စတွေ အားလုံးဟာလည်း တရားဥပဒေဘောင်အတွင်းကပဲ ဖြစ်ရမယ်၊ တရားဥပဒေစိုးမိုးရေးကို မထိခိုက်ဖို့ အထူးပဲအရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းတွင် ရော်ဘာကိစ္စ၊ ဒေသဖွံ့ ဖြိုးရေး၊ ကျန်းမာ ရေး စောင့်ရှောက်မှု၊ တိုင်းရင်းသား ဘာသာစကားယဉ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများ၊ ငြိမ်းချမ်းရေးနှင့် ဒေသခံတိုင်းရင်းသားများ၏ ပါဝင်တည်ဆောက်မှု၊ NCA လက်မှတ်ရေးထိုးရေး ကိစ္စရပ်များ၊ နိုင်ငံရေးတွင် အမျိုးသမီးတွေကို နေရာပေးရေးနှင့် ငြိမ်းချမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့သည်။ 

ဆွေးနွေးပွဲစကားဝိုင်းတွင် မိမိတို့အနေနှင့် ဆွေးနွေးလိုက်သည့်အချက်များကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားရာတွင် ပြီးပြည့်စုံသည့် အဖြေကို မရရှိခဲ့ကြောင်း နိုင်ငံရေးနှင့် အမျိုးသမီး အခန်းကဏ္ဍကို ဆွေးနွေးခဲ့သည့် မွန်စေတနာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မိငွေလေးက ပြောသည်။

စကားဝိုင်းတွင် တင်ပြလာသည့် အချက်များအနက် မည်သည့်အချက်ကို အကောင်အထည်ဖော်နိုင်မည့်အပေါ် မူတည်ကြောင်း၊ ပြောရုံမျှဖြင့် လိုချင်သည့် ငြိမ်းချမ်းရေးကို ရောက်လာမည်မဟုတ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ကရင်တိုင်းရင်းသား ကိုစောကျော်မိုးကလည်း ယခုဆွေးနွေးပွဲ စကားဝိုင်းတွင် ပါဝင်သူများသည် မိမိတို့လိုအပ်သည့် လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့သည့်အပေါ် အားရကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်အနေနှင့်လည်း လူငယ်များနှင့် ဆွေးနွေးသည်ဖြစ်သော်လည်း လေးလေးစားစားဖြင့် တစ်ချက်ချင်း ဖြေကြားပေးသည့်အပေါ် ဒေသအတွက် အကျိုးသက်ရောက်မှုများစွာရှိကြောင်း ပြောဆိုခဲ့သည်။

စကားဝိုင်းတွင် မွန်တိုင်းရင်းသား ၂ ဦး၊ ဗမာတိုင်းရင်းသား ၂ ဦး၊ ပအိုဝ်းတိုင်းရင်းသား ၂ ဦးနှင့် ကရင်တိုင်းရင်းသား ၂ ဦး စုစုပေါင်း ၈ ဦး ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲကို ပြည်ထောင်စု တိုင်းရင်းသားဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော်အဖွဲ့မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ မွန်ပြည်သစ်ပါတီမှ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ပါတီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အစိုးရဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ အပါအဝင် အယောက် ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။

The Voice

0 comments:

Post a Comment