Wednesday, June 20, 2018

မော်လမြိုင် ကျိုက်သလ္လံဘုရားဖူးခွင့် ရက်အကန့်အသတ်မရှိပိတ်ထား


မွန်ပြည်နယ် မော်လမြိုင်မြို့၏အထင်ကရ ကျိုက်သလ္လံဘုရားသည် မိုးသည်းထန်၍ ပြိုကျမှုအချို့ဖြစ်နေသဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများသာမက ဒေသခံဘုရားဖူးများကိုပါ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဟန်လွင်က ပြောသည်။

ဇွန်လ ၁၇ ရက်က မိုးရွာသွန်းသဖြင့် ကျိုက်သလ္လံဘုရားရှိ တောင်နံရံပြိုကျပြီး စောင်းတန်း များနှင့် ရင်ပြင်အချို့ပျက်စီးခဲ့ရာအန္တရာယ်မဖြစ်ရန် ဘုရားဖူးများလာရောက်ခြင်းကို တားမြစ်ခဲ့ကာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပညာရှင်များလေ့လာပြီးမှသာ ပြန်လည်ဖွင့်လှစ်မည်ဟု ဦးဟန်လွင်က ပြောသည်။

‘‘ကျိုက်သလ္လံဘုရားမှာ မြေ ပြိုမှုတွေရှိခဲ့တယ်။ ဘုရားကြီးမှာ အန္တရာယ်မရှိဘူး။ ဒါပေမဲ့ ဘေး မှာ မြေပြိုမှုတွေ ရှိနေတဲ့အတွက်  ထပ်ပြိုလာလို့ရှိရင် အန္တရာယ်ဖြစ် မှာ၊ ဘုရားဖူးတွေ ထိခိုက်မှာ စိုးရိမ်ပူပန်မိတယ်။ ဒါကြောင့် ပညာရှင် တွေလာပြီး လေ့လာမယ်။ အစိုးရ အနေနဲ့ ပြုပြင်သွားမယ်’’ဟု မွန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

ထို့ပြင် အသေးစိတ်စမ်းသပ် မှုများပြုလုပ်၍ ဘုရားဖူးများလုံခြုံ စိတ်ချစွာ ဖူးမြော်နိုင်သည့် အခြေ အနေအထိ အချိန်ယူရမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

‘‘ပြည်တွင်း၊ ပြည်ပဘုရားဖူး တွေရော ဒေသခံဘုရားဖူးတွေကို ပါ ဘုရားတက်ခွင့်ပိတ်ထား တယ်။ ပြည်ထောင်စုအစိုးရက နေပြီး ပညာရှင်တွေ ခေါ်လာမယ် လို့ ဝန်ကြီးချုပ်က ပြောတယ်။ စိတ်ချရမှ ဘုရားဖူးဖွင့်ကို ပြန်လုပ်မယ်’’ဟု ဦးဟန်လွင်က ပြောသည်။

ကျိုက်သလ္လံဘုရားတောင် အောက်ဘက်ရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ လူနေအဆောက်အအုံနှင့် ရပ်ကွက်များကို စိတ်ချရသည့်အခြေအနေမရောက်မီအထိ ပြောင်းရွှေ့နေထိုင်ရန် ဝန်ကြီးချုပ်က မေတ္တာရပ်ခံထားကြောင်း ကျိုက်သလ္လံ ဘုရားအနီးနေထိုင်သူ ကိုမြင့်နိုင် က ပြောသည်။

‘‘လောလောဆယ် စိတ်မချရဘူးဆိုတဲ့ အခြေအနေရှိတော့ ဘုရားပေါ်တက်ခွင့်ခဏပိတ်ထား တယ်။ ဘုရားအတွက်ကတော့ ပညာရှင်တွေပါတဲ့ အဖွဲ့ဖွဲ့ပြီး ပြည်ထောင်စုကနေ စေလွှတ်မယ်။ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မယ်’’ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောသည်။

ကျိုက်သလ္လံဘုရားမြေပြိုမှု သည် လွန်ခဲ့သည့် နှစ် ၃၀ ကျော်က တစ်ကြိမ်ဖြစ်ပွားပြီး ယခုနှစ်  မြေပြိုကျမှုသည် အကြီးမားဆုံး ဆုံးရှုံးခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

‘‘အရင်က မြေပြိုတော့ ထိခိုက်မှုသိပ်မရှိဘူး။ အခုက ဘုရားမှာ အသစ်တည်ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်။ အခုလိုမြေပြိုတော့ အဆောက်အ အုံသစ်တွေပါ ပါသွားတယ်’’ဟု ဘုရားအနီးနေသူတစ်ဦးက ပြော သည်။ မော်လမြိုင်မြို့တွင် ဇွန်လ ၁၇ ရက်က ရွာသွန်းသည့်မိုး ကြောင့် ရေကြီးကာ ကယ်ဆယ် ရေးစခန်း ၂၄ ခု၊ ရေဘေးသင့်ပြည်သူ ၅,၆၀၀ ကျော်ရှိပြီး ကျပ်သိန်း ၁,၆၈၀ ခန့် ဆုံးရှုံးကြောင်း ပြည် နယ်အစိုးရရုံး  ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

7Day

0 comments:

Post a Comment