Sunday, June 17, 2018

မော်လမြိုင်တွင် ရေဘေးသင့် ပြည်သူ ၅၈၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွင်ခိုလှုံ


မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ  မိုးသည်းထန်စွာရွာပြီး ရေကြီးလျှံနေလို့ ဒေသခံပြည်သူ ၅၈၀၀ ကျော်ကို သက်ဆိုင်ရာက ယာယီကယ်ဆယ်ရေးစခန်းတွေဆီကို ဇွန်လ ၁၇ ရက်က ပြောင်းရွှေ့ပေးထားရပါတယ်။

ရေဘေးသင့်သူတွေကို လတ်တလော မော်လမြိုင်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေး စခန်း ၁၇ ခုမှာ ပြောင်းရွှေ့ နေရာချထားပေးထားတာပါ။

ဇွန် ၁၆ ရက် ညသန်းခေါင်ယံချိန်မှာ မိုးသည်းထန်စွာရွာပြီး  သံလွင်မြစ်ရေ မြင့်တက်လာရာက မော်လမြို့ပေါ် လူနေရပ်ကွက်တွေမှာ ရေနစ်မြုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

“မိုးရေချိန်လက်မ ၁၃.၇ လက်မရှိတယ်။ မြစ်ရေတက်ချိန်နဲ့ မိုးသည်းတာဆုံပြီး ရေကြီးတာပါ”လို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကပြောပါတယ်။

မော်လမြို့မှာ ရပ်ကွက် ၂၉  ရပ်ကွက်ရှိတဲ့အနက် ဈေးကြို၊ သီရိမြိုင်၊ လှိုင်၊ သာယာအေး၊ လမ်းသစ်၊ ရွှေမြိုင်သီရိ၊ သီရိမင်္ဂလာ၊ ဇေယျာမြိုင်၊ တောင်ဝိုင်း၊ မြိုင်သာယာစတဲ့ ရပ်ကွက် ၁၀ ရပ်ကွက်လောက်မှာ ရေနစ်မြုပ်ပြီး ပြည်သူတွေ ရေဘေးသင့်နေတာပါ။

ရေနစ်မြုပ်ချိန်မှာတော့ လူမှုရေးအသင်းအဖွဲ့တွေ၊ ကြက်ခြေနီ၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ တပ်မတော်သားတွေနဲ့ သက်ဆိုင်ရာက  ရေဘေးသင့် ပြည်သူတွေ ထံသွားရောက်လို့ ကူညီကယ်ဆယ်ခဲ့ကြပါတယ်။

မော်လမြိုင်မြို့ အခြေစိုက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးဘိုဘိုဝင်းက “ရေကြီးတဲ့ အချိန်မှာ အဆိုးဆုံးက တောင်ဝိုင်းပါ။ လူဦးရေ ၁၅၀လောက်က ရေစီးသန်ပြီး ထွက်လို့ မရဘဲ ဖြစ်နေတာပေါ့။  ကယ်ဆယ်ပြီးထုတ်ခဲ့ရတာ။ ကျန်တဲ့နေရာတွေလဲ ရေတက်ပေမယ့် အချိန်မီ ထွက်လို့ရတယ်” လို့ ပြောပါတယ်။

မိုးကြီးတာကြောင့် မော်လမြို့ရဲ့ အမြင့်ဆုံးနေရာဖြစ်တဲ့ ကျိုက်သန်လံ စေတီရှိရာ ကုန်းပြင်မြင့် မြေပြိုခဲ့တဲ့အပြင် မော်လမြိုင် – ကျိုက်မရော ကားလမ်း၊ မော်လမြိုင် – ရေး ကားလမ်းနဲ့ မော်လမြိုင် ရန်ကုန် အဝေးပြေးကားလမ်းမတွေမှာလည်း ရေကျော်လို့ လမ်းတံတားတွေပါ ပျက်စီးနေပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်မှာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ်တွေမှာ ယာယီကယ်ဆယ်ရေးစခန်း ၂၈ ခုဖွင့်လှစ်ထားပါတယ်။ မွန်ပြည်နယ်က မြို့နယ် ၁၀ နယ်ထဲက မြို့နယ် ၇  မြို့နယ်က ဒေသတချို့ ရေဘေးသင့်နေတာပါ။

ရေဘေးသင့်ပြည်သူတွေအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ လူကယ်ပြန် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအ၀င်  ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း သွားရောက် အကူအညီတွေ ပေးနေပါတယ်။

DVB

0 comments:

Post a Comment