Sunday, June 3, 2018

ဘင်္ဂါလီပြဿနာကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေး ပိုမိုဆိုးရွားသွားနိုင်သလား


ကုန်းမြေထိစပ်မှု မိုင်ပေါင်း ၁၂၆ ဒသမ ၆၈ မိုင်ရှိပြီး ရေမြေထိစပ်မှု မိုင် ၃၉ ဒသမ ၈၂ မိုင်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လက်ရှိတွင် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထစ်များ ရှိလာခဲ့ပြီဖြစ်သည်။

၁၉၇၂ ခုနှစ် မတ် ၂၁ ရက်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၅၀ နီးပါးခန့် ရှိလာပြီဖြစ်သည့်အချိန်တွင် ယင်းကဲ့သို့ ဖြစ်ပွားလာခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အာဆာအကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး မြန်မာအစိုးရမှ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီ အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

ထွက်ပြေးသည့် ဘင်္ဂါလီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းတွင် ယာယီစခန်းများထိုးကာ နေထိုင်လျက်ရှိသည်။ ယင်းကဲ့သို့ အခြေအနေများတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား ထွက်ပြေးသူများကို ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး အချေအတင်ဖြစ်မှုများ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က သုံးသပ်သည်။

“လက်ရှိအခြေအနေအရတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးက နည်းနည်းဆိုးတယ်လို့ ဆိုရမှာပေါ့။ ရခိုင်ကိစ္စဖြစ်ပြီး ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပတ်သက်လို့ နှစ်ဖက်က ညှိနေတဲ့အချိန်ဆိုတော့ ဒီလိုမျိုးတော့ရှိမှာပဲ” ဟု ဥရောပနိုင်ငံများတွင် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က ပြောကြားသည်။

ထွက်ပြေးခဲ့သည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ၁၉၉၃ သဘောတူညီချက်ဖြင့် ပြန်လည်လက်ခံမည်ဟု စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ ဖြစ်ဖြစ်မြောက်မြောက် လုပ်ကိုင်နိုင်ခြင်းမရှိသေးပေ။

ထိုသို့ပြန်လည်လက်ခံရာတွင် အချက်လေးချက်ဖြင့် ပြန်လည်လက်ခံမည်ဖြစ်ပြီး ယင်းအချက်လေးချက်မှာ ပြန်လည်ဝင်ရောက်လာသူသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည်၊ ၎င်းတို့ကိုယ်တိုင် ပြန်လည်ဝင်ရောက်လိုသူများဖြစ်ရမည်၊ ကွဲကွာနေသော မိသားစုဝင်များစာရင်းအတွက် ဘင်္ဂလားဒေ့ရှ်ဗဟိုအဆင့်ရှိသော တရားရုံးမှ ထောက်ခံချက်ပါရှိရမည်၊ တစ်ဖက်နိုင်ငံတွင် ထပ်မံမွေးဖွားသောကလေးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော မိဘနှစ်ပါးမှ မွေးဖွားသည့် ကလေးဖြစ်ရမည်တို့ဖြစ်သည်။

ထိုသို့ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး သဘောတူညီထားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် စိုးရိမ်မှုများရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်း ဆောင်ရွက်တဲ့အခါမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေပြီးတော့ နိုင်ငံတကာမှာ ကျွန်တော်တို့ဘက်ကို အပြစ်တင်တာတွေ များတယ်။ တကယ့်လက်တွေ့ နှစ်နိုင်ငံသဘောတူစာချုပ်ကို အခြေခံပြီး ဆောင်ရွက်ရမယ့်ဟာတွေ မဆောင်ရွက်တဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေဖြစ်တယ်။ ဖြစ်လာတဲ့ အကျိုးဆက်က နှောင့်နှေးကြန့်ကြာမှုတွေဟာ ကျွန်တော်တို့ကြောင့် မဟုတ်ဘူး။ မြန်မာနိုင်ငံဘက်က အားလုံးအသင့်ပြင်ထားတယ်။ သို့သော် ဘင်္ဂလားဒေ့ရှ်ဘက်က နှောင့်နှေး ကြန့်ကြာမှုကြောင့် ကျွန်တော်တို့က စိုးရိမ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်အကြားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဘန်ကာများဆောက်လုပ်ထားမှု၊ CCTV များ မြန်မာဘက်သို့ တပ်ဆင်ထားမှုများကြောင့် မြန်မာအစိုးရက ကန့်ကွက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မေ ၂၃ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအားခေါ်ယူကာ သတိထောက်လွှာပေးအပ်ကာ အသိပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် ဆောက်လုပ်ထားသည့် ဘန်ကာများ ဖယ်ရှားပေးရေးနှင့် အခြားအဆောက်အအုံများ ဆောက်လုပ်မှုကို တားဆီးပေးရန် တောင်းဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာသွားရန်နှင့် နှစ်နိုင်ငံအကြား နားလည်မှု လွဲမှားစေမည့် လုပ်ရပ်များ လုပ်ဆောင်ခြင်းမှ တားဆီးပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

အာဆာကို အကာအကွယ်ပေးနေသလား

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့် အာဆာအကြမ်းဖက်အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ခိုလှုံလျက်ရှိသည်ဟု မြန်မာအစိုးရက ပြောဆိုမှုများရှိခဲ့သော်လည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ တုံ့ပြန်မှုများ ပြုလုပ်ထားခြင်းမရှိပေ။

သို့သော် မေလကုန်ပိုင်းတွင် ထွက်ပေါ်လာသည့် AI အစီရင်ခံစာဖြစ်သည့် အာဆာအဖွဲ့က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လုပ်ဆောင်ခဲ့သည်ဆိုသည့် ထုတ်ပြန်ချက်အပေါ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက တုံ့ပြန်မှုများ ချက်ချင်းဆိုသလို ပြုလုပ်ခဲ့သည်။ အဆိုပါ အစီရင်ခံစာအား ယုံကြည်မှုမရှိဟုဆိုကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တုံ့ပြန်ခဲ့မှုမှာ စဉ်းစားစရာ အခြေအနေဖြစ်ကြောင်း၊ အာဆာအဖွဲ့အား အကြမ်းဖက်အဖွဲ့ဖြစ်သည်ဟု မြန်မာအစိုးရက ကြေညာထားခြင်းကြောင့် အဆိုပါအဖွဲ့ ခြေကုပ်ရယူနိုင်ခြင်းမရှိစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရ အနေဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြောချင်တာက အကြမ်းဖက်သမားအာဆာသည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံအစိုးရက တရားဝင်ကြေညာထားတယ်။ အကြမ်းဖက် အဖွဲ့အစည်းကို အားပေးအားမြှောက် မလုပ်ရဘူး။ အကြမ်းဖက်အဖွဲ့အစည်းကို အားပေးအားမြှောက်ဖြစ်စေနိုင်တဲ့၊ နိုင်ငံရေးအရ ထောက်ခံအားပေးရာ ရောက်စေနိုင်တဲ့ အပြုအမူတွေ၊ အပြောအဆိုတွေ မလုပ်ရဘူး။ လုပ်ရင် ဒါက အကြမ်းဖက်အားပေးပဲ။ အဲဒီလို အကြမ်းဖက်အားပေးလို သဘောမျိုး သက်ရောက်သွားမယ်ဆိုတာ ကျွန်တော်တို့က သတိပေးချင်တယ်။ အဲဒီတော့ အာဆာလို အကြမ်းဖက်အဖွဲ့အစည်း ခြေကုပ်မယူနိုင်အောင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးကို မကျူးလွန်နိုင်အောင် အဲဒါတွေကို သူတို့ဘက်က သတိပြု ဆောင်ရွက်ပေးဖို့လိုမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင်လည်း အာဆာအကြမ်းဖက်အဖွဲ့တွင် ပါဝင်သူများစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတင်းမာမှုများ

၂၀၀၈ ခုနှစ်တွင် ရခိုင်ကမ်းလွန်လုပ်ကွက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား တင်းမာမှုများမှာ စတင်ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ကမ်းလွန်လုပ်ကွက် AD-7 တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ စစ်အင်အားပြ ခြိမ်းခြောက်ရာမှ စတင်ဖြစ်ပွားခဲ့သည့် ပြဿနာမှာ အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးတွင် အဆုံးအဖြတ် ခံယူခဲ့ရသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ ဘင်္ဂလားပင်လယ်အော်တွင် ရေနံတူးဖော်မှုများ စတင်လုပ်ဆောင်အောင်မြင်ခဲ့ပြီး ထိုရေနံလုပ်ကွက်များမှ ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့သည်။

၂၀၀၅ ခုနှစ်တွင် မြန်မာအစိုးရသည် မြန်မာပိုင်အုန်းကျွန်း (ရှင်မဖြူကျွန်း) ရှိ ရေနံလုပ်ကွက်လုပ်ကိုင်ရန် တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီကို ပါမစ်ပေးခဲ့သည်။

ထို့နောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် ဒေ၀ူးကုမ္ပဏီပိုင် ရေနံရှာဖွေရေးသင်္ဘောကို မြန်မာကမ်းစောင့် စစ်ရေယာဉ်လေးစင်း လိုက်ပါလျက် ထိုရေနံလုပ်ကွက်သို့ ရေနံတူးဖော်မှုလုပ်ငန်း သွားရောက်စတင် လုပ်ကိုင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အုန်းကျွန်းသည် ဘင်္ဂလားပိုင်အဖြစ် သတ်မှတ်ထားသည့်အတွက် ထိုဒေသသို့ ရေနံတူးဖော်မှု ၀င်ရောက်လုပ်ကိုင်နေသော မြန်မာစစ်သင်္ဘောများအား ချက်ချင်းထွက်ခွာရန် ရာဇသံပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဗြိတိန်နိုင်ငံလုပ် ဖရီးဂိတ်စစ်ရေယာဉ် BNS Kopothakka ကို ချက်ချင်းစေလွှတ်၍ ခြိမ်းခြောက် ပစ်ခတ်ခဲ့သည်။

ထိုအချိန်က မြန်မာရေတပ်စစ်သင်္ဘောများမှာ ကမ်းစောင့်စစ်သင်္ဘောများသာဖြစ်သည့်အတွက် ဘင်္ဂလားရေတပ်ဖရီးဂိတ်၏ ခြိမ်းခြောက်ပစ်ခတ်မှုများကြောင့် နောက်ပြန်လှည့်ခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားရေတပ်၏ အပြုအမူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပိုင်နက်နှင့် အချုပ်အခြာကို ကာကွယ်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးကလည်း ရှင်မဖြူကျွန်းသည် ရှေးယခင်ကတည်းက မြန်မာပိုင်နက်ဖြစ်သည့်အတွက် မိမိတို့သည် မိမိတို့ပင်လယ်ပိုင်နက်ဆက်စပ် စီးပွားရေးဇုန်တွင် ရေနံတူးဖော်မှု ပြုလုပ်ခြင်းသာဖြစ်သည့်အတွက် နောက်ဆုတ်ရန် အကြောင်းမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး မြန်မာရေတပ်ပိုင် ကော်ဗတ်စစ်ရေယာဉ်တစ်စင်း ဒုံးပျံတင်အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်လေးစီးဖြင့် ထပ်မံသွားရောက်ကာ ရေနံတူးဖော်မှု ဆက်လက်လုပ်ကိုင်ခဲ့သည်။

မြန်မာရေတပ်၏ စစ်ရေယာဉ်များ ရေနံတူးဖော်မှုကို ဟန့်တားရန် ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဘင်္ဂလားရေတပ်ပိုင် BNS Abu Bakar, BNS Madhumati, BNS Nivoy, BNS Kopothakka ဖရီးဂိတ်စစ်သဘောင်္လေးစင်းကို ချက်ချင်းစေလွှတ်ခဲ့ပြီး မြန်မာရေတပ်သင်္ဘောများ အနေဖြင့် နောက်ပြန်မလှည့်ပါက ပစ်ခတ်ရလိမ့်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြား စစ်မက်ဖြစ်ပွားရလိမ့်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးအားဆင့်ခေါ်၍ ဘင်္ဂလားအစိုးရဘက်မှ အတိအလင်း ရာဇသံပေးခဲ့သည်။

ဘင်္ဂလားဘက်မှ ဖရီးဂိတ်စစ်ရေယာဉ်လေးစင်းနှင့် မြန်မာဘက်မှ စစ်ရေယာဉ်ငါးစင်းတို့သည် တစ်ပတ်ကြာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ နှစ်နိုင်ငံစစ်ရေယာဉ်များသည် အလွန်နီးကပ်သော အနေအထားဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်၍ နှစ်နိုင်ငံကြား အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းရန် မြန်မာအစိုးရအား အကြောင်းကြားခဲ့သည်။

ထို့နောက် အောက်တိုဘာလတွင် မြန်မာအစိုးရ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဒါကာသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား အငြင်းပွားမှုကို ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာခုံရုံးသို့ တင်သွင်းဖြေရှင်းရန် သဘောတူညီမှုရရှိခဲ့သည်။ နှစ်နိုင်ငံရေတပ် စစ်ရေယာဉ်များအား ပြန်လည်ရုပ်သိမ်းရန်လည်း သဘောတူခဲ့သည်။

၂၀၁၂ ခုနှစ်တွင် နှစ်နိုင်ငံအငြင်းပွားမှုကို စီရက်ချက်ချမှတ်ခဲ့သည်။ စီရင်ချက်တွင် အငြင်းပွားဧရိယာ စတုရန်းမိုင် ၂၈၃,၄၇၁ တွင် စတုရန်းမိုင်ပေါင်း ၁၁၁,၆၃၁ ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးအပ်ခဲ့ပြီး စတုရန်းမိုင်ပေါင်း ၁၇၁,၈၃၂ ကို မြန်မာဘက်သို့ ပေးအပ်ခဲ့သည်။

မြန်မာပိုင်ဟုပြောဆို၍ရသော အုန်းကျွန်းကိုလည်း ဘင်္ဂလားဒေ့ရှ်ပိုင်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့ပြင် ၂၀၀၉ ခုနှစ်တွင်လည်း မြန်မာအစိုးရက ခြံစည်းရိုးကာသည့်လုပ်ငန်းအား စတင်လုပ်ဆောင်ခဲ့ချိန်တွင်လည်း မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ခိုးဝင်လာသည့် ဘင်္ဂါလီများ၏ရန်ကို ကာကွယ်နိုင်ရန် မြန်မာအစိုးရက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်က ကြိုက်နှစ်သက်ခြင်း မရှိပေ။

“ဒီလိုကာတာကို ဘင်္ဂလားဒေ့ရှ်က မကြိုက်ပါဘူး။ သူ့မှာအိမ်နီးချင်းက နှစ်နိုင်ငံတည်းရှိတာ အိန္ဒိယက အရင်ကာတယ်။ ပြီးတော့ မြန်မာက ကာတယ်။ ဆိုတော့ သူနိုင်ငံ သိက္ခာကျတယ်ပေါ့ဗျာ။ အမျိုးမျိုးသွယ်ဝိုက်ပြီး အနှောင့်အယှက်ပေးတယ်။ သူ့မြေပါနေတယ် ပြန်တိုင်းရမယ်ဆိုတာမျိုးကအစ သူ့ဘက်က ဘင်္ဂါလီတွေကခြံစည်းရိုးက သွပ်ဆူးကြိုး အခွေလိုက်ဖြုတ်ခိုးပြီး သူ့ဘက်မှာ ရောင်းစားနေတာတွေကို မမြင်ဟန်ပြုထားတာ အဆုံးပေါ့ဗျာ” ဟု ရခိုင်ပြည်နယ်တွင် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ဦးကိုကိုနိုင်က ပြောကြားသည်။

ဦးကိုကိုနိုင်မှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းတွင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ရသူဖြစ်သည်။ လက်ရှိတွင် ခြံစည်းရိုး တည်ဆောက်ပြီးစီးမှုမှာ ၁၄၁ ဒသမ ၃၇၈ မိုင်ဖြစ်ပြီး ခြံစည်းရိုးကာရံရန် ကျန်ရှိနေသည်မှာ ၃၉ ဒသမ ၂၁၇ မိုင်ဖြစ်သည်။

မြန်မာနိုင်ငံကို မျက်စိကျနေသည့် ဘင်္ဂလားဒေ့ရှ်

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် ဘင်္ဂါလီများနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်တွင် အဆိုပါပြဿနာမှာ ပိုမိုဆိုးရွားလာခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်အကြမ်းဖက်မှုနောက်ပိုင်းတွင် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု နိုင်ငံတကာက စွပ်စွဲမှုများကြောင့် ဒီမိုကရေစီ Icon အဖြစ် အနောက်နိုင်ငံများက တင်စားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဆုတံဆိပ်များ ရုပ်သိမ်းခံရသည်အထိ ရိုက်ခတ်ခဲ့သည်။

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သဖြင့် နိုင်ငံတကာမှ ထောက်ခံမှုများ ရရှိခဲ့သည့် မြန်မာနိုင်ငံအနေဖြင့်လည်း အရပ်သားအစိုးရ အုပ်ချုပ်မှုသက်တမ်း ဆယ်စုနှစ်တစ်ခု မပြည့်မီမှာပင် နိုင်ငံတကာမှ စွပ်စွဲမှုများကို ရင်ဆိုင်ရလျက်ရှိသည်။

ယင်းသို့ဖြစ်ပေါ်လာခြင်းမှာ အင်အားကြီးနိုင်ငံနှစ်ခု၏ အင်အားချိန်ခွင် လျှာညှိမှုကြောင့်ဖြစ်ကြောင်း သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က သုံးသပ်သည်။

“အဓိကဖြစ်တဲ့ ပြဿနာကိုကြည့်ရင်လည်း နိုင်ငံတကာ ဖိအားပေးတာ အများကြီးရှိတယ်။ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ရဲ့ အားပြိုင်မှုထဲမှာ ရောက်နေတာလည်း တစ်ခုပေါ့။ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေရှိ တယ်ဆိုပြီး အမေရိကန်ဦးဆောင်ပြီး လုံခြုံရေးကောင်စီကိုတင်တာ။ ICC ကိုတင်တာတွေ လှုပ်ရှားတယ်။ တစ်ဖက်မှာလည်း တရုတ်နဲ့ ရရှားက လုံခြုံရေးကောင်စီမှာ ပယ်ချတာတွေရှိတယ်။ အထူးသဖြင့် တရုတ်ပေါ့။ သူ့အတွက် ထွက်ပေါက်တစ်ခုကဖြစ်တဲ့ မြန်မာ မပါသွားဖို့ အရေးကြီးတယ်။ အမေရိကန်ကလည်း ဒီပင်လယ်ထွက်ပေါက်ကို လိုချင်တယ်။ အဲဒါတွေကြောင့် ကစားခံနေရတာလို့ မြင်တယ်။ အဓိက Geopolitic အရပေါ့။ မြန်မာနိုင်ငံက အဓိကအကျဆုံးနိုင်ငံ ဖြစ်နေတယ်” ဟု ဦးမောင်မောင်စိုးတင့်က ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေ ပေါက်ကွဲမှုကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံမှာ မျက်စိကျစရာ နေရာတစ်ခုဖြစ်နေကြောင်း တပ်မတော် (ရေ) ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးသူရသက်ဆွေက သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ထို့ပြင် ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလက အများဆုံးတွေ့ကြုံရသည့်ဖြစ်စဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်လာသည့် လှေများဖြစ်ကြောင်း ရေးသားထားသည်။

“တပ်မတော်(ရေ)၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရသောအခါတွင် ဘင်္ဂါလီလှေစီးသူများ၏ ပြဿနာသည် ဒေသတွင်းသို့ စတင်ရိုက်ခတ်လျက်ရှိနေပေပြီ။ အဆိုပါ လှေစီးဘင်္ဂါလီများမှာ ဒုက္ခသည် အယောင်ဆောင်မည့်သူများ ဖြစ်သော်လည်း နိုင်ငံတကာအမြင်တွင် ဒုက္ခသည်များသာ ဖြစ်သဖြင့် မိမိရေပြင်အတွင်း မ၀င်ပြီးရော သဘောဖြင့် မောင်းထုတ်ပါက လူ့အခွင့်အရေး ဒုက္ခသည်များဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရင်ဆိုင်တိုးရမည်ဖြစ်သည်။ မိမိပိုင်နက်ရေပြင်အတွင်း အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေနှင့် မကိုက်ညီသော ရေယာဉ်များအဖြစ် ဖမ်းဆီးခေါ်ဆောင်မည်ဆိုပါက ကမ်းခြေသို့ ခေါ်ဆောင်လာရမည့် ခရီးတွင် လူ ၅၀၀ မှ တစ်ထောင်နီးပါးအထိ မဆံ့မပြဲ တင်ထားတတ်သော ထိုရေယာဉ်များကို လုံခြုံရေးနှင့် အုပ်ချုပ်မှုတာဝန်များကို နိုင်ငံတကာ လူသားချင်းစာနာသည့် စံနှုန်းများအတိုင်း ဖြေရှင်းရန် အခက်အခဲ တွေ့ရမြဲဖြစ်သလို ဆိပ်ကမ်းရောက်ရှိသည့်အခါ ထိုထိန်းသိမ်းထားသော များပြားလှသည့် ဒုက္ခသည်အမည်ခံ နိုင်ငံခြားသား ဘင်္ဂါလီများကို လက်ခံရန်တာဝန်ရှိသည့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ အတွက်လည်း ကြီးမားသော ၀န်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည့် သာဓကများရှိခဲ့သည်။ ထိုနည်းတူ ထိုသူများအား မူလလာရင်းနိုင်ငံသို့ ပြန်ပို့ရေးကိစ္စမှာ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရသည့် စိစစ် လက်ခံရေးလုပ်ငန်းစဉ် ကြာသည်နှင့်အမျှ မိမိနိုင်ငံတွင် ဒုက္ခသည်များအဖြစ် လက်ခံထားရသည့်အဖြစ်ကို ပြည်သူလူထုက မနှစ်မြို့သကဲ့သို့ နိုင်ငံအကြီးအကဲများကလည်း မနှစ်မြို့ကြပေ။ ထို့ကြောင့်ရေတပ်တွင် အဆိုပါ လှေများကို မလွှဲမရှောင်သာ ထိန်းသိမ်း ဖမ်းဆီးရပါက ရေတပ်အတွက် နောက်ဆက် တွဲပြဿနာက ကြီးမားလျှင် ကြီးမားသလို ဗြဟ္မာဦးခေါင်းကိုင်မိသလို နိုင်ငံတော်အဆင့်အထိ အငြိုအငြင်ခံရတတ်သည့် အတွေ့အကြုံများစွာ ရှိခဲ့ပေသည်” ဟု ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ရေးသားထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် စစ်အင်အား နှိုင်းယှဉ်ချက်

မြန်မာ့တပ်မတော်သည် Global Fire Power (GFP) က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ်အတွက် စစ်အင်အား သတ်မှတ်ချက်တွင် နိုင်ငံ ၁၃၆ နိုင်ငံအနက် အဆင့် ၃၅ ဖြစ်ပြီး စစ်သည်အင်အား ၅၁၆၀၀၀ ရှိသည်ဟု ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်သည် GFP ၏ သတ်မှတ်ချက်တွင် အဆင့် ၅၆ ဖြစ်ပြီး စစ်သည်အင်အား ၂၂၅၀၀၀ ရှိသည်ဟု သိရသည်။

မြန်မာ့တပ်မတော် (လေ) တွင် စစ်လေယာဉ်အင်အား ၂၆၃ စင်းရှိကြောင်း GFP က ဖော်ပြခဲ့ပြီး တိုက်လေယာဉ် ၅၆ စင်းနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကိုးစင်း ရှိသည်။ ဘင်္ဂလားဒေ့ရှ်လေတပ်တွင် စစ်လေယာဉ် အင်အား ၁၇၃ စင်းရှိပြီး တိုက်လေယာဉ် ၄၅ စင်းရှိသော်လည်း တိုက်ခိုက်ရေးရဟတ်ယာဉ် မရှိကြောင်း GFP က ဖော်ပြထားသည်။

မြန်မာ့တပ်မတော် (လေ) နှင့် ဘင်္ဂလားဒေ့ရှ်လေတပ်တို့သည် ရုရှားနှင့် တရုတ်လေယာဉ်များကို အဓိကအသုံးပြုကျခြင်း တူညီပြီး Mig-29၊ Chengdu F-7 တိုက်လေယာဉ်များကို အသုံးပြုနေသလို Su-30 တိုက်လေယာဉ်များကိုလည်း နှစ်နိုင်ငံစလုံး မှာယူထားကြသည်။

အဓိကကွာခြားချက်အဖြစ် တပ်မတော် (လေ) တွင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုနေသော်လည်း ဘင်္ဂလားဒေ့ရှ်လေတပ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် သီးသန့်မရှိခြင်းဖြစ်သည်။

ကြည်းတပ်နှိုင်းယှဉ်မှုအရ မြန်မာ့တပ်မတော်တွင် တင့်ကား ၅၉၂ စင်း၊ သံချပ်ကာ လူသယ်ယာဉ် ၁၃၅၈ စင်းနှင့် ယာဉ်တင်အမြောက် ၁၀၈ လက်ရှိပြီး ဘင်္ဂလားဒေ့ရှ်တပ်မတော်တွင် တင့်ကား ၅၃၄ စင်း၊ သံချပ်ကာလူသယ်ယာဉ် ၉၄၂ စင်းနှင့် ယာဉ်တင်အမြောက် ၁၈ လက်ရှိကြောင်း GFP က ဖော်ပြထားသည်။

မြန်မာ့တပ်မတော်၏ အဓိကတိုက်ပွဲဝင် တင့်ကားများမှာ ပါကစ္စတန်-တရုတ် ပူးပေါင်းထုတ် MBT 2000 တင့်များနှင့် ရုရှားထုတ် T-72S တင့်များဖြစ်ပြီး အဓိက အသုံးပြုသည့် သံချပ်ကာယာဉ်မှာ ယူကရိန်းထုတ် BTR 3U ဖြစ်သည်။ ယာဉ်တင်အမြောက်အဖြစ် ဆားဘီးယားထုတ် Nora B-52 နှင့် တရုတ်ထုတ် Norinco SH-1 တို့ကို အသုံးပြုနေသည်။

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်တွင်လည်း အဓိက တိုက်ပွဲဝင်တင့်အဖြစ် MBT 2000 တင့်ကို အသုံးပြုနေပြီး တရုတ်ထုတ် ပုံစံ ၆၉ အမျိုးအစားတင့်များနှင့် သံချပ်ကာယာဉ်အဖြစ် ရုရှားထုတ် BTR-80 ကို အများဆုံး အသုံးပြုနေသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အဓိကယာဉ်တင်အမြောက်မှာလည်း မြန်မာ့တပ်မတော်သုံးနေသည့် ဆားဘီးယားထုတ် Nora B-52 ပင် ဖြစ်သည်။

နှစ်နိုင်ငံအဓိက ထိစပ်မှုဖြစ်သည့် ပင်လယ်ပြင်အတွက် တပ်မတော် (ရေ) တွင် ဖရီးဂိတ်ငါးစင်း၊ ကော့ဗက်စစ်ရေယာဉ်သုံးစင်း၊ အပါအ၀င် စစ်ရေယာဉ် ၁၅၅ စင်းရှိပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်တွင် မကြာခင်ကမှ တရုတ်မှ ၀ယ်ယူထားသည့် မင်အတန်းအစား ရေငုပ်သင်္ဘောနှစ်စင်းအပြင် ဖရီးဂိတ် ခြောက်စင်း၊ ကော့ဗက်လေးစင်း စုစုပေါင်း စစ်ရေယာဉ် ၈၉ စင်းရှိကြောင်း GFP က ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရေပိုင်နက်အငြင်းပွားမှုကြောင့် နှစ်နိုင်ငံရေတပ်နှစ်ခုအကြား အနီးကပ်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော် (ရေ) အနေဖြင့် ရေတပ်အင်အား တိုးချဲ့လာသလို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စစ်ရေယာဉ်များအပြင် ရေငုပ်သင်္ဘောများပါ တိုးချဲ့ ၀ယ်ယူလာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က ရေငုပ်သင်္ဘော ၀ယ်ယူခဲ့သလို တပ်မတော် (ရေ) ကလည်း ပြီးခဲ့သည့်လပိုင်းအတွင်းက အိန္ဒိယရေတပ်နှင့် ပူးတွဲ၍ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားပင်လယ်အော်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် GFP က မြန်မာ့တပ်မတော်သည် နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ သုံးကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်က နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉ ဘီလျံ အသုံးပြုသည်ဟု ဖော်ပြထားသည်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တင်းမာမှု ပိုမိုဆိုးရွားနိုင်သလား

လတ်တလော အရေးအခင်းများကြောင့် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တင်းမာမှုများရှိနေပြီး ယင်းကဲ့သို့ အခြေအနေတွင် ပိုမိုဆိုးရွားနိုင်သလားဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

“အခုချိန်မှာကတော့ သံတမန်ရေးရာအရ ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က အသာစီးရနေတဲ့ အနေအထားမှာရှိတယ်။ သူ့နောက်မှာက ၀ိုင်းပံ့ပိုးတဲ့သူတွေလည်း ရှိနေတာဆိုတော့။ ဒီဘက်မှာက တစ်ယောက်တည်း ဖြစ်နေတယ်။ ဒါပေမဲ့ အမှန်တရား ဆိုတာရှိတယ်။ အဲဒီဟာကို သိအောင်ပြဖို့ လိုတယ်။ ရခိုင်ကိစ္စဆိုရင် သေသေချာချာ Test Book လုပ်ပြီးတော့ကို ထုတ်ဖော်ပြသရမယ်။ ငုံ့ခံနေလို့မရဘူး” ဟု ဦးမောင်မောင်စိုးတင့်က ပြောကြားသည်။

သို့သော် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားနိုင်သည့် အခြေအနေသို့ မရောက်နိုင်ကြောင်း၊ လက်ရှိအားသာနေသည့် အနေအထားအား ဘင်္ဂလားဒေ့ရှ်ဘက်မှ ပျက်ယွင်းခံမည့် အနေအထား မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခု ဘင်္ဂလားဒေ့ရှ်ဘက်က သွားနေတာက ဒီပလိုမေစီလို့ ခေါ်ရမှာပေါ့။ သူတို့ဘက်မှာ ဘင်္ဂါလီတွေရှိနေသမျှ ကာလပတ်လုံး စစ်တိုက်ဖို့မလုပ်ဘူး။ ထို့အတူပဲ ကိုယ့်ဘက်ကလည်း အမှန်တရား ပေါ်လာအောင် လုပ်ယူရမယ်။ စီမံကိန်းတွေချပြီး လုပ်မှရမယ်” ဟု ဦးမောင်မောင်စိုးတင့်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှာ ဘင်္ဂါလီအရေးဖြင့် တင်းမာမှုများ ရှိလာခဲ့ပြီး ယင်းတင်းမာမှုများက ပိုမိုဆိုးရွားလာနိုင်မလားဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်ပေသည်။

ဇော်မင်းနိုင်၊ ငြိမ်းကို
Eleven Media Group

0 comments:

Post a Comment