Sunday, June 3, 2018

တရုတ်ရဲ့ မဟာဗျူဟာ ကျောက်ဖြူစီမံကိန်းကို မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ရအောင် ဘယ်လိုချဉ်းကပ်မလဲ


ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်မှုမှာ ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံရမယ်ဆိုတာ ကျိုးကြောင်းလျော်ညီမှု မရှိဘဲ ရူးသွပ်မှု သက်သက်သာ ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell က ပြောကြားတယ်လို့ Bloomberg သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

“ဒါက ရူးသွပ်မှုသက်သက်ပဲ၊ မြန်မာနိုင်ငံအတွက် လိုအပ်နေတာထက် အများကြီး ကျော်လွန်နေတာကြောင့် အစိုးရအနေနဲ့ အရေးတယူ စဉ်းစားသင့်ပါတယ်” လို့ Sean Turnell က ဆိုပါတယ်။

Sean Turnell ရဲ့ ပြောကြားချက် ထောက်ပြချက်တွေက အမှန်တွေပါ။ သူ့ပြောကြားချက် တွေမှာဆိုရင် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုဖြစ်တဲ့ China International Trust Investment Corporation (CITIC) က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းနဲ့ တည်ဆောက်ဖို့ အဆိုပြုထားပြီး ကျန်ရာခိုင်နှုန်း ၃၀ ကို မြန်မာအစိုးရနဲ့ ပြည်တွင်းကုမ္ပဏီတွေက ထည့်ဝင်ရမယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို နှစ်ပေါင်း ၇၅ နှစ်အထိ လုပ်ကိုင်ခွင့်ရဖို့ တရုတ်က ကြိုးပမ်းနေပြီး စီမံကိန်းနဲ့ပတ်သက်လို့ ငွေကြေးထောက်ပံ့ရေးဆိုင်ရာ ကိစ္စတွေအတွက် တရုတ်နဲ့ မြန်မာအစိုးရအကြား ညှိနှိုင်းဆဲဖြစ်ပြီး မြန်မာအစိုးရက စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းထားတယ်။ မြန်မာ့စီးပွားရေးကို နှစ်ပါင်း ၂၅ နှစ်ကြာ လေ့လာထားပြီး အရင်အစိုးရ လက်ထက်ကတည်းက စီးပွားရေး အကြံတွေပေးခဲ့တဲ့ Sean Turnell က မြန်မာအစိုးရအနေနဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းလည်း မြန်မာနိုင်ငံအတွက် ဒေါ်လာ ၇ ဒသမ ၅ ဘီလျံတန် ဆိပ်ကမ်းကြီး လိုအပ်ခြင်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် လတ်တလော ပြီးစီးခဲ့တဲ့ ပနားမားတူးမြောင်းတိုးချဲ့မှု စီမံကိန်းဟာ ဒေါ်လာ ၅ ဒသမ ၂၅ ဘီလျံသာ ကုန်ကျခဲ့တာကို ထောက်ပြပြီး “ကျောက်ဖြူရေနက်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ ကုန်ကျမယ်ဆိုတာ အကျိုးအကြောင်းမဲ့ ရူးသွပ်မှုသက်သက်သာ ဖြစ်ပါတယ်” လို့ Sean Turnell က ပြောကြားခဲ့တယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ သီရိလင်္ကာအစိုးရရဲ့ ဖြစ်ရပ်ကို ဥပမာထားပြီး စိုးရိမ်သင့်တယ်လို့လည်း ထောက်ပြခဲ့ပြီး သီရိလင်္ကာမှာ ဒေါ်လာတစ်ဘီလျံတန် Hambantota ဆိပ်ကမ်းဆောက်လုပ်ဖို့ တရုတ်နိုင်ငံဆီက အတိုးနှုန်းမြင့်မားတဲ့ ချေးငွေတွေရယူခဲ့ပြီး ပြန်မဆပ်နိုင်တာကြောင့် ကြွေးမြီလျော့ပါးရေး အစီအစဉ်အနေနဲ့ တရုတ်ကို ၉၉ နှစ်ကြာ လုပ်ပိုင်ခွင့်ပေးခဲ့ရတဲ့ ဥပမာကို မြန်မာနိုင်ငံအနေနဲ့ အထူးအလေးပေး စဉ်းစားသင့်တယ်လို့ Sean Turnell ကပြောပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနိုင်ငံက အချိုးကျ ထည့်ဝင်ရမယ့် ပမာဏအတွက် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်က ဒေါ်လာနှစ်ဘီလျံကနေ သုံးဘီလျံဝန်းကျင်ရှိတဲ့ငွေကို ချေးငှားရမယ်ဆိုရင် သီရိလင်္ကာလိုအဖြစ်မျိုး ရောက်သွားနိုင်ခြေများတယ်လို့ Sean Turnell က ဆိုပါတယ်။

Sean Turnell ပြောကြားချက်တွေက မှန်တယ်ဆိုပေမယ့် သူ့ရဲ့စဉ်းစားချက်ဟာ စီမံကိန်းတစ်ခုလုံးရဲ့ ဖြစ်စဉ်ကို စဉ်းစားတာ မဟုတ်ဘဲ စီးပွားရေးဖြစ်စဉ် တစ်ခုနဲ့ အမေရိကန်အစိုးရရဲ့ တရုတ်မဟာဗျူဟာ အိပ်မက်ဘက်ကနေ စဉ်းစားထားမှုပဲ ဖြစ်ပါတယ်။

Eleven Media Group အနေနဲ့ မြစ်ဆုံ၊ ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အပါအ၀င် တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်လက်ဝါးကြီးအုပ်မှုတွေ၊ အစိုးရနဲ့ပဲ လက်ဝါးရိုက်ပြီး ပြည်သူလူထုကို အလေးမထားတာတွေ၊ မြန်မာ့မြေထဲလာပြီး မြန်မာ့တည်ဆဲဥပဒေတွေကို မလိုက်နာတာတွေ၊ မြန်မာနိုင်ငံကို ချေးငွေထုတ်ပေးရင် အတိုးနှုန်း ကြီးလွန်းတာတွေကို အမြဲတစေ သတိပေး ရေးသားခဲ့ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူစက်မှုဇုန်၊ ကျောက်ဖြူ-ယူနန် မီးရထားလမ်း စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မြန်မာ့အချုပ်အခြာအာဏာနဲ့ ဖြစ်လာနိုင်တာတွေကို တွက်ဆပြီး သတိပြု ရေးသားခဲ့ပြီးသားလည်း ဖြစ်ပါတယ်။

Sean Turnell ရဲ့ ပြောကြားချက်တွေက မှန်ကန်တယ်ဆိုပေမဲ့ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံဟာ ရခိုင်ပဋိပက္ခ၊ လူဦးရေ ပေါက်ကွဲမှု ကြုံနေရပြီး ပင်လယ်ရေအောက် နစ်မြုပ်သွားနိုင်မှုကြောင့် မြန်မာနိုင်ငံက မြေတွေကို ရလိုတဲ့ Great Bengal အိပ်မက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတဲ့ အခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားရတော့မယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ တရုတ်ရဲ့ OBOR၊ အမေရိကန်ရဲ့ တရုတ်အိပ်မက်တွေကို တားဆီးရေး ဗျူဟာနဲ့ မြန်မာ့ကြွေးမြီပြဿနာနဲ့ စီးပွားရေးဆိုတာ တစ်ခုတည်းကိုပဲ တွေးလို့မရတော့တဲ့ အခြေအနေပါ။

“Sean Turnell ပြောသွားတာက ပညာရှင်ဆန်ဆန် မပြောဘူး။ ရူးလို့လာလုပ်တယ်ဆိုတာ။ သူ့ဘာသာ ရူးရူးမရူးရူး သူ့ငွေသူ လာလုပ်တာ။ ဒီစီမံကိန်းကြီးက သူ ၁၀၀ ထည့်မယ် ကိုယ်က ၃၀ ထည့်မယ်။ ရှုံးနိုင်တယ် ဆိုရင်တော့ သူရူးတိုင်း လိုက်မရူးနဲ့ပေါ့။ ကိုယ်တို့က ယုံကြည်မှုမရှိရင် ရင်းနှီးမြှုပ်နှံမှု မထည့်နဲ့ အကျိုးအမြတ်ပဲ ထိုင်ယူလိုက်။ ဒါကြီးက မသေချာဘူး။ ရှုံးနိုင်တယ်။ ရှုံးနိုင်လျက် ဘာလို့လာလုပ်လဲ။ ရူးလို့ ဆိုတာမျိုးပြောတယ်။ ပညာရှင်ဆန်ဆန် မပြောဘူး။ ရှုံးနိုင်တယ်ဆို ထောက်ပြလေ။ ဘယ်ဟာကတော့ ဘယ်လောက်အထိ ယူသင့်တယ်။ ဘယ်ကာလမှ အရင်းကျေနိုင်မယ် ဆိုတာမျိုး ထောက်မပြဘဲ ရူးလို့ဆိုတာက လမ်းဘေးစကား ပြောသွားတာ” လို့ ရခိုင်ဒေသခံ အများပိုင်ကုမ္ပဏီ တစ်ခုရဲ့ MD က ပြောကြားပါတယ်။

ကျောက်ဖြူစီမံကိန်းက ဖျက်ပစ်လို့ ရပ်ပစ်လို့ ရနိုင်သလား

အရင်အစိုးရ လက်ထက်က လွှတ်တော်က လုပ်ခဲ့လို့ ဆက်ပြီးလုပ်နေတာပါဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူလူထုနဲ့ ပညာရှင်တွေ ဝေဖန်လက်မခံတဲ့ကြားက ဆက်လုပ်နေတဲ့ စီမံကိန်းတစ်ခု မြန်မာနိုင်ငံမှာ ရှိပါတယ်။ အဲဒီစီမံကိန်းက လက်ရှိရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်မှုနဲ့ လုပ်နေတဲ့ ‘ရန်ကုန်မြို့သစ်စီမံကိန်း’ ပါ။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပြီးဆုံးလုအချိန်မှာ အတည်ပြုသွားတဲ့ စီမံကိန်းကြီး တစ်ခုကိုလည်း လက်ရှိအချိန်မှာ ဆက်လက်အကောင်အထည် ဖော်နေပြီး အဲဒီစီမံကိန်းက ‘ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်’ စီမံကိန်းပါ။

တိုင်းဒေသကြီးအဆင့် လွှတ်တော်တစ်ခုက အတည်ပြုခဲ့တာကို ပြည်သူလူထုက လက်မခံတဲ့ကြားက ရန်ကုန်မြို့သစ် စီမံကိန်းဆိုပြီး ဆက်လုပ်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတစ်ခုနဲ့ တစ်ခုအကြား လုပ်ဆောင်ထားတဲ့ စီမံကိန်းဖြစ်ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်က အတည်ပြုပေးထားတဲ့ စီမံကိန်းတစ်ခုကို လွယ်လွယ်ကူကူ ဖျက်ပစ်လို့ မရပါဘူး။ ပိုဆိုးတာက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးစာချုပ် ချုပ်ထားတဲ့ နိုင်ငံလည်း ဖြစ်နေပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းက “မြစ်ဆုံ” စီမံကိန်းနဲ့လည်း မတူပြန်ပါဘူး။ မြစ်ဆုံစီမံကိန်းကို ပြန်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်တွေရဲ့ သဘောတူညီချက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး ပြည်သူလူထု သဘောထားမပါဘဲ လုပ်ခဲ့တာကြောင့် ဦးသိန်းစိန်အစိုးရက ဒီစီမံကိန်းကို ရပ်ဆိုင်းခဲ့ချိန်မှာ “ပြည်သူလူထု တစ်ရပ်လုံးက ကန့်ကွက်မှု” ကြောင့် ဆိုတာမျိုးနဲ့ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ချက်က မြစ်ဆုံစီမံကိန်းဟာ Geo Politic အရ အသာစီးယူလို့ အကောင်းဆုံးနေရာလည်း ဖြစ်နေပြန်ပါတယ်။ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ ရာခိုင်နှုန်း ၆၀ ကျော်ကို လွှမ်းမိုးဖြန့်ကြက် ထားတာကြောင့် မြစ်ဆုံဆည်ကျိုးကျရင်၊ နှစ်နိုင်ငံပဋိပက္ခ ဖြစ်လာချိန်မျိုးမှာ “ငါတို့ ဆည်ချိုးချရင် မင်းတို့နိုင်ငံ ဘယ်လို ဖြစ်သွားမလဲ” ဆိုတဲ့ ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေမျိုးတွေကို ကြိုတွေးကြလို့လည်း ဖြစ်ပါတယ်။

အဲဒီလို စစ်အစိုးရနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ စီမံကိန်းကိုတောင် မြန်မာနိုင်ငံဘက်က ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီဘက်က လျော်ကြေးဒေါ်လာ သန်း ၈၀၀ တောင်းဆိုခဲ့ပါတယ်။ ပြည်သူလူထု လက်မခံတဲ့ စီမံကိန်း၊ စစ်အစိုးရက လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ စီမံကိန်းကို တစ်နိုင်ငံလုံးက ကန့်ကွက်လို့ ရပ်ခဲ့တာတောင် လက်ရှိအချိန်အထိ စာချုပ်နဲ့ ပတ်သက်လို့ NLD အစိုးရကိုယ်တိုင် ဘာမှဆက်မလုပ်နိုင်သေးတဲ့ အချိန်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းလို နိုင်ငံတကာတင်ဒါ ခေါ်ယူထားပြီး ပြည်ထောင်စုအဆင့် လွှတ်တော်မှာ အတည်ပြုပြီး လုပ်ခွင့်ပေးထားတဲ့ စီမံကိန်းတစ်ခုကို ဖျက်ဖို့ဆိုတာ မြစ်ဆုံထက်ဆိုးတဲ့ အခြေအနေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပိုဆိုးတာက စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်။ ဥပေဒေတြမၿငိမ္ဘူး။ အစိုးရက လုပ်တတ်ကိုင်တတ် မရှိဘူးလို့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ထင်မြင်ခံရလို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းတွေကို ရင်စည်းခံနေရတဲ့ NLD အစိုးရအတွက် ကြီးလေးတဲ့ ဖိအားတစ်ခုကို ရလာစေမှာ ဖြစ်ပါတယ်။

“ဒီစီမံကိန်းက ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပြီး ပထမအစိုးရက အကောင်အထည်ဖော်ဖို့ တာဝန်ဖြစ်ခဲ့တာပေါ့။ ပထမအစိုးရက ဒီစီမံကိန်းကို အကောင်အထည် ဖော်ရာမှာ နှစ်ရှည်ဖြစ်လို့  ဒီစီမံကိန်းကို နောက်အစိုးရ ဆက်လက် အကောင်အထည်ဖော်ဖို့ လုပ်ခဲ့တယ်။ ပထမအစိုးရက ဘယ်လောက်ပြီးလို့၊ ဘယ်လိုလုပ်ခဲ့လို့ ဘာလုပ်ခဲ့တယ် ဆိုတာက အပိုင်းတစ်ပိုင်းဖြစ်ပြီး နောက်အစိုးရက ဆက်ခံတာ လုပ်ဆောင်တာကတစ်ပိုင်း ဖြစ်တယ်။ အဲဒီလို ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို လက်ရှိအစိုးရက ရောက်တဲ့နေရာကနေ စလုပ်ရတာပေါ့။ ဒါပေမဲ့ ဒီစီမံကိန်းကြီးကို နိုင်ငံအတွက် အရေးကြီးလို့ အရေးပေါ် ဖြစ်လာလို့ အကျိုးအမြတ်တွေ ဆုံးရှုံးနိုင်တယ်။ နိုင်ငံ့အကျိုးစီးပွားကို ထိခိုက်နိုင်တယ်ဆိုပြီး ဖျက်သိမ်းမယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ ဆောင်ရွက်ရမှာတွေ ရှိပါတယ်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုတာကို ဖျက်သိမ်းဖို့အတွက် လုပ်ဖို့ဖြစ်နိုင်တယ် ဆိုတာနဲ့ နောက်တစ်ခုက ဒီစီမံကိန်းမှာ ဒေသခံတွေ ဆန္ဒတွေ အများကြီး ပါလာခဲ့တယ်။ ပြည်ထောင်စု လွှတ်တော်မှာရော ပြည်နယ်လွှတ်တော်မှာပါ ဆွေးနွေးခဲ့တာတွေ အများကြီး ရှိလာပါတယ်။ အဲဒီလို ရှိတာကြောင့်မို့လို့ ဒီစီမံကိန်းနဲ့ ပတ်သက်တာတွေ ချပြ၊ အများအကျိုးအမြတ်ကဘာ။ တစ်ဖက်မှာ ဘာအကျိုးအမြတ်ဆိုတာ ရှိရပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ ဒီစီမံကိန်းဆက်ပြီး ဆောင်ရွက်ဖို့ မဆောင်ရွက်ဖို့က သူတို့အပိုင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် သဘောတူညီချက်နဲ့ ဖျက်သိမ်းလို့တော့ ရပါတယ်။ သို့သော် နိုင်ငံ့အတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက် ပြည်သူ့အသံတွေ၊ နိုင်ငံထဲမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ၊ ပညာရှင်တွေရဲ့ အသံတွေ နားထောင်ဖို့ လိုသလို တခြားအရေးကြီး ကိစ္စတွေလည်း ရှိပါတယ်။ အဲဒါတွေကို ဆန္ဒစွဲတစ်ခုနဲ့ ဆောင်ရွက်တာမျိုး မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်တာမျိုးဆိုရင် မှားယွင်းသွားနိုင်တာ ရှိပါတယ်” လို့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က သုံးသပ်ပါတယ်။

တရုတ်အစိုးရရဲ့ CITIC ကို ဘယ်လိုရွေးခဲ့လဲ

တရုတ်နိုင်ငံဟာ သူ့ရဲ့တောင်ဘက်မျှော်မူဝါဒ (Look South Policy) အမျိုးသားစွမ်းအင် လုံခြုံရေးမူဝါဒ (National Energy Strategy) နဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို စီးနင်းနိုင်ရေး အိပ်မက်၊ တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပိုးလမ်းမကြီး (Belt and Road Initiative) နဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေး စင်္ကြန်စတဲ့ အခြေအနေ ပေါင်းစုံအတွက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်းအတွက် လက်ဦးမှုရယူခဲ့တာ ဖြစ်ပါတယ်။ ကျောက်ဖြူ-ကူမင်း ရထားလမ်းဟာ OBOR မဟာဗျူဟာအတွက် အသက်တမျှ အရေးကြီးတဲ့ လမ်းပိုင်းပါ။

ကျောက်ဖြူစီမံကိန်းကို တရုတ်ကုမ္ပဏီဖြစ်တဲ့ CITIC Construction ကုမ္ပဏီက ရင်းနှီးတည်ဆောက်သူအဖြစ် တင်ဒါအောင်မြင် ထားပါတယ်။ ဒီလိုတင်ဒါ အောင်မြင်ထားတဲ့ ကျောက်ဖြူစီမံကိန်းအပြင် တန်ချိန်တစ်သိန်းအထိရှိတဲ့ သင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ ရေနက်ဆိပ်ကမ်းတွေ၊ ကျောက်ဖြူ-ကူမင်း ရေနံနဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေလည်း မြန်မာနိုင်ငံမှာ အခြေကျပြီး အကျိုးအမြတ်ရနေပြီ ဖြစ်ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး ခွင့်ပြုပေးဖို့ ယခင်သမ္မတ ဦးသိန်းစိန်က ယခင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဆီ သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်းကို လက်ခံပေမဲ့ အကောင်အထည်ဖော်မှုကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပြီးမှ အတည်ပြု ပေးသင့်တယ်လို့ ဆွေးနွေးခဲ့ကြပြီးနောက်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မဲ့ လုပ်ငန်းတွေကို နောင်အစိုးရလက်ထက်မှ ပွင့်လင်းမြင်သာစွာ ဆက်လက်ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ထောင်ဖို့ နယ်နိမိတ်ဧရိယာအဖြစ် မြေဧက ၄၂၈၉ ဒသမ ၃၇ ကို သတ်မှတ်ထားပြီး ရေနက်ဆိပ်ကမ်းစီမံကိန်း အမှတ် (၁) နယ်နိမိတ် ၃၇၀ ဒသမ ၆၆ ဧက၊ ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၂) နယ်နိမိတ် ၂၃၇ ဒသမ ၂၂ ဧက၊ စက်မှုဇုန်စီမံကိန်း နယ်နိမိတ် ၂၄၄၆ ဒသမ ၀၇ ဧကနဲ့ အဆင့်မြင့်အိမ်ရာ စီမံကိန်းနယ်နိမိတ် ၁၂၃၅ ဒသမ ၃၇ တို့ ပါဝင်ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းရဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် CITIC Consortium 1 ကုမ္ပဏီနဲ့ စက်မှုဇုန်အတွက် CITIC Consortium 2 က လုပ်ဆောင်မှာဖြစ်ပြီး ဒီစီမံကိန်း နှစ်ခုအတွက် အမေရိကန်ဒေါ်လာ ကိုးဘီလျံ အကုန်အကျခံမှာ ဖြစ်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် နိုင်ငံတကာ တင်ဒါခေါ်ယူခဲ့ပြီး ပြည်တွင်းကုမ္ပဏီတွေ ပါဝင်ခဲ့ရာမှာ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အများပိုင် မဟုတ်တဲ့ ပုဂ္ဂလိကကုမ္ပဏီ ၄၀ လောက် ပါဝင်ခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့ရာမှာ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တရုတ်က ၅၁ ရာခိုင်နှုန်းနဲ့ မြန်မာကုမ္ပဏီတွေဘက်က ၄၉ ရာခိုင်နှုန်းပါ။ အထူးစီးပွားရေးဇုန်အတွက် ခွဲဝေမှုမှာ အငြင်းပွားမှု မရှိပေမယ့် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာတော့ အခုအချိန်အထိ ရှယ်ယာခွဲဝေမှုဟာ အတည်မပြုနိုင်သေးဘဲနဲ့ ၈၀၊ ၂၀ ခွဲဝေချင်တဲ့ ဒေသခံတွေနဲ့ ၇၀၊ ၃၀ ရယူချင်တယ်ဆိုတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

တရုတ်ကပေးတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် Options လေးခု

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ခွဲဝေမှုက ၅၁၊ ၄၉ နဲ့ အတည်ဖြစ်ပြီးပြီမို့လို့ အငြင်းပွားမှု မရှိတော့ပေမဲ့ အထူးစီးပွားရေးဇုန်အတွက် အရေးပါတဲ့ ကနဦး အဆင့်မှာ တည်ဆောက်မယ့် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် တရုတ်က ရွေးချယ်ခွင့်လေးခု ပေးထားပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် မြန်မာဘက်က အစိုးရအနေနဲ့ ငွေကြေးစိုက်ထုတ်စရာ မလိုတဲ့ Golden Share ၁၀ ရာခိုင်နှုန်းရမှာ ဖြစ်သလို ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အတွက်လည်း မြန်မာအစိုးရဘက်က ငွေကြေးစိုက်ထုတ်စရာ မလိုတဲ့ Golden Share ၁၀ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။

အဲဒီလေးခုမှာဆိုရင် တရုတ် ၈၅၊ မြန်မာ ၁၅ ရာခိုင်နှုန်း၊ တရုတ် ၈၀၊ မြန်မာ ၂၀။ တရုတ် ၇၅၊ မြန်မာ ၂၅ ရာခိုင်နှုန်းနဲ့ မြန်မာ ၃၀ တရုတ် ၇၀ ရှယ်ယာခွဲဝေမယ့်ဆိုတဲ့ စီမံကိန်းနဲ့ပါ။

တင်ဒါ Bid Price အနေနဲ့ဆိုရင် တရုတ် ၈၅၊ မြန်မာ ၁၅ ရာ ခိုင်နှုန်း၊ တရုတ် ၈၀၊ မြန်မာ ၂၀ ရာခိုင်နှုန်းအထိ မြန်မာဘက်က ဒေါ်လာ ၂၅၅ သန်း ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့ တရုတ်က မြန်မာအစိုးရကိုပေးမှာ ဖြစ်ပါတယ်။ တရုတ် ၇၅၊ မြန်မာ ၂၅ ရာခိုင်နှုန်းမှာဆိုရင် တင်ဒါ Bid Price အနေနဲ့ ၂၂၅ သန်းပဲ တရုတ်က ပေးမှာဖြစ်ပြီး လျော့သွားတဲ့ သန်း ၃၀ ကို မြန်မာကုမ္ပဏီတွေ ဘက်က စိုက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တရုတ် ၇၀၊ မြန်မာ ၃၀ အချိုးကျ ရှယ်ယာခွဲမယ်ဆိုရင် တင်ဒါ Bid Price ကို တရုတ်က ဒေါ်လာသန်း ၂၁၀ ပဲပေးမှာဖြစ်ပြီး မြန်မာဘက်က ကုမ္ပဏီတွေက လျော့သွားတဲ့ ၄၅ သန်းကို စိုက်ထုတ်ပေးရမှာပါ။

ဒီနေရာမှာ ၇၀၊ ၃၀ ရလိုမှုအတွက် အငြင်းပွားနေရတာနဲ့ တိုင်းပြည်ဘီလျံနဲ့ချီ အကြွေးတင်နေအောင် လုပ်နေတာက အစိုးရမဟုတ်ဘဲ ခရိုနီတွေကြီးစိုးတဲ့ ကုမ္ပဏီတွေဘက်က ဖြစ်နေပါတယ်။

ကျောက်ဖြူစီမံကိန်းမှာဆိုရင် ခရိုနီကုမ္ပဏီတွေနဲ့ ဒေသခံကုမ္ပဏီ ၄၀ လောက် ပါဝင်နေပါတယ်။ ဒီလိုပါဝင်နေတယ် ဆိုပေမဲ့ ခရိုနီတစ်ဦးကို ကုမ္ပဏီလေးခု၊ ငါးခုလောက် ထည့်ထားတဲ့ အခြေအနေပါ။

ရှင်းရှင်းပြောရမယ်ဆိုရင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် တရုတ်က ၈၀ ရာခိုင်နှုန်း ယူမယ်ဆိုရင် မြန်မာအစိုးရက ၁၀ ရာခိုင်နှုန်းကို ငွေကြေးစိုက်ထုတ်စရာ မလိုတဲ့ Golden Share အနေနဲ့ ရရှိမှာဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ ခရိုနီတွေပါဝင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက တရုတ်ကုမ္ပဏီဆီကနေ အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အချိုးကျ ထည့်ဝင်ရမှာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွက် ၈၀၊ ၂၀ ရာခိုင်နှုန်းအထိ Risk မရှိပါဘူး။ ဒါပေမဲ့ လက်ရှိ တောင်းဆိုနေတဲ့ မြန်မာ ၃၀၊ တရုတ် ၇၀ ဆိုတဲ့ အခြေအနေမှာ ဆိုရင်တော့ မြန်မာကုမ္ပဏီတွေဘက်က ရှယ်ယာငွေကြေး အချိုးကျနဲ့ Bid Price အတွက် စိုက်ထုတ်ရမယ့် ငွေကြေး ပါဝင်လို့ရှိရင် ဒေါ်လာသန်း ၁၁၀၀ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့်) လောက် စိုက်ထုတ်ရတော့မှာ ဖြစ်ပါတယ်။

ဒီလို ရှယ်ယာ ၁၀ ရာခိုင်နှုန်း တိုးတောင်းပြီး မြန်မာဘက်က ၃၀ ရာခိုင်နှုန်း ရယူတာနဲ့ ဒေါ်လာသန်း ၁၁၀၀ စိုက်ထုတ်ရမယ်ဆိုတဲ့ အခြေအနေကို ဖန်တီးနေတာက ခရိုနီကုမ္ပဏီတွေဖြစ်ပြီး ဒီအခြေအနေကို ဒေသခံကုမ္ပဏီတွေဘက်က နှစ်လိုမှု မရှိပါဘူး။ ခရိုနီကုမ္ပဏီတွေဘက်က ဒေါ်လာသန်း ၁၁၀၀ ကို စိုက်ထုတ်နိုင်တဲ့ အခြေအနေလားလို့ မေးခွန်းထုတ်မယ်ဆိုလည်း ခရိုနီတွေက “အမျိုးသား အကျိုးစီးပွားအတွက် တရုတ် ၇၀၊ ငါတို့ မြန်မာက ၃၀ ရသင့်တယ်။ ဒါပေမဲ့ ငါတို့မှာ ဒေါ်လာ သန်း ၁၁၀၀ စိုက်ထုတ်ဖို့တော့ မရှိဘူး။ အဲဒီအတွက် အစိုးရက တာဝန်ခံပြီးချေးပေး” ဆို တဲ့အခြေအနေကို ဖန်တီးနေတာပါ။

ခရိုနီတွေက ဒေါ်လာ သန်း ၁၁၀၀ ကို စိုက်မထုတ်ချင်ဘဲ သူတို့ပုဂ္ဂလိကကုမ္ပဏီတွေ အကျိုးစီးပွားအတွက် အစိုးရက တာဝန်ခံပြီး တရုတ်ဆီက ချေးပေးဆိုတဲ့ အခြေအနေဟာ မြန်မာနိုင်ငံအတွက် အလွန်ဆိုးရွားပါတယ်။ ခရိုနီအလိုကျ ဒေါ်လာ သန်း ၁၁၀၀ ကို အစိုးရက ခရိုနီအကျိုးစီးပွားအတွက် တာဝန်ခံ ချေးပေးလိုက်ရင် ရလာမယ့် အကျိုးအမြတ်ဟာ ခရိုနီကုမ္ပဏီတွေဆီ သွားမှာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း အရှုံးပေါ်ရင်တော့ တာဝန်ခံထားတဲ့ အစိုးရက ဒီချေးငွေတွေကို ပေးဆပ်ရတော့မှာ ဖြစ်ပါတယ်။ ခရိုနီတွေကိုယ်တိုင်က အစိုးရတာဝန်ခံပြီး ဒေါ်လာသန်း ၁၁၀၀ ချေးခိုင်းနေတယ် ဆိုပေမယ့် စီမံကိန်း မအောင်မြင်လို့ ပြန်ဆပ်ဖို့ ခရိုနီတွေ အာမခံသလားလို့ မေးခွန်းထုတ်ရာမှာလည်း သူတို့ပြန်ဆပ်ဖို့ အာမမခံဘူးလို့ ရခိုင်ဒေသခံ ကုမ္ပဏီတစ်ခုရဲ့ MD က ပြောပါတယ်။

Sean Turnell ဥပမာပေးတဲ့ သီရိလင်္ကာအစိုးရ ဖြစ်ရပ်လို ဒေါ်လာတစ်ဘီလျံတန် Hambantota ဆိပ်ကမ်းဆောက်လုပ်ဖို့ တရုတ်နိုင်ငံဆီက အတိုးနှုန်းမြင့်မားတဲ့ ချေးငွေတွေ ရယူခဲ့ပြီး ပြန်မဆပ်နိုင်တာကြောင့် ကြွေးမြီလျော့ပါးရေးအတွက် ဆိပ်ကမ်းကို တရုတ်က ၉၉ နှစ်ကြာလုပ်ဖို့ ပေးအပ်လိုက်ရတဲ့ ဖြစ်စဉ်မျိုးက မြန်မာအစိုးရဟာ ခရိုနီကို အလိုလိုက်ပြီး ဒေါ်လာ သန်း ၁၁၀၀ ကို ခရိုနီအကျိုးစီးပွားအတွက် တာဝန်ခံပြီး ချေးပေးလိုက်မှ ဖြစ်မှာပါ။

“အရင်လူကြီးတွေက ပစ်စလက်ခတ် လုပ်သွားတာတော့ မဟုတ်ဘူး။ သေချာလုပ်သွားခဲ့တာ။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့လည်း ဒေသခံ ရွာပေါင်းစေ့ကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သွားရှင်းပြခဲ့တယ်။ ရန်ကုန်မှာလည်း ပွဲတွေလုပ်တယ်။ ရှင်းပြတယ်။ ရခိုင်လွှတ်တော်မှာလည်း ရှင်းတယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း ရှင်းပြထားတယ်။ ပြီးတော့ Model မှာလည်း Mornitoring ကော်မတီ တောက်လျှောက်ပါနေမှာ။ ၃၀ ရာခိုင်နှုန်းက ဒီအစိုးရ တောင်းလို့မဟုတ်ဘူး။ နဂိုကတည်းက ရှိထားပြီးသား။ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ မြန်မာဘက်က ၄၉ ရတယ်။ သီလ၀ါမှာ ၅၁ ရတယ်။ သီလ၀ါမှာ အစိုးရ အသိအမှတ်ပြု အများပိုင်ကုမ္ပဏီ ကိုးခုပါတယ်။ အဲဒီအထဲမှာ ဦးဝင်းအောင် မိသားစုတင် သုံးခုရှိတယ်။ သီလ၀ါမှာ ရေနက်ဆိပ်ကမ်းမပါဘူး။ သီလ၀ါမှာ မြန်မာဘက်ခြမ်းက ၅၁ ရလို့ သီလ၀ါကျောက်တန်း ဘက်ကလူတွေ ဘာရလဲ။ ကျောက်ဖြူစီမံကိန်းကို ခရိုနီလက်ထဲရောက်ဖို့ ကြိုးပမ်းခဲ့ကြတာ။ အခု ကျောက်ဖြူမှာ ခရိုနီ ကုမ္ပဏီတွေကို CB၊ Fortune နဲ့ Dagon International ကုမ္ပဏီတွေနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေက ၁၀ ခုကျော်ရှိတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ မြန်မာဘက်က ၄၉ ရတယ်။ သီလ၀ါနဲ့ ကျောက်ဖြူမတူတာက သီလ၀ါဘေးမှာ Infrastructure အကုန်ရှိတယ်။ ဆိပ်ကမ်းရှိတယ်။ ကွန်ကရစ်လမ်းရှိတယ်။ ဈေးကွက်ကလည်း ဘေးမှာ ရှိပြီးသား။ ကျောက်ဖြူသည် ဘာမှ မရှိတာကို လာပြီးမြှုပ်နှံတာ။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာ နဂိုကတည်းက တင်ဒါမှာ Option လေးခုပေးထားတာ။ ၈၅၊ ၁၅။ ၂၀၊ ၈၀။ ၂၅၊ ၇၅။ ၃၀၊ ၇၀ ဆိုပြီးတော့။ ဒါက ၂၀၁၅ ကတည်းက ပေးထားတာ။ ဒီအစိုးရလက်ထဲမှ တောင်းတာ မဟုတ်ဘူး။  ၇၀၊ ၃၀ ဆို အဲဒီငွေကို ကျွန်တော်တို့ ထည့်နိုင်မလား။ သီရိလင်္ကာမှာဆို ဆိပ်ကမ်းကို ထိုးအပ်လိုက်ရတယ်။ ကိုယ်တို့နိုင်သလောက်ပဲ ယူပေါ့။ ၂၀၊ ၈၀ အထိ ကိုယ်တို့ မြန်မာဘက်ခြမ်းမှာ ဘာ Risk မှ မရှိဘူး။ ၂၅ ရာခိုင်နှုန်း ယူလိုက်တာနဲ့ ကျွန်တော်တို့ ကုမ္ပဏီတွေဘက်က ဒေါ်လာသန်း ၆၀၀ ထည့်ရမယ်။ ၈၀၊ ၂၀ အထိကို Bid Price ဒေါ်လာ ၂၅၅ သန်း ပေးထားတယ်။ ၂၅ ရာခိုင်နှုန်း ယူမယ်ဆိုရင် ၂၂၅ သန်းပဲရပြီး လျော့သွားတဲ့ သန်း ၃၀ ကို မြန်မာကုမ္ပဏီတွေဘက်က ထည့်ရမယ်။ ၃၀ အထိ ယူလိုက်မယ်ဆို မြန်မာကုမ္ပဏီတွေဘက်က Bid Price အပါအ၀င် ဒေါ်လာသန်း ၁၁၀၀ လောက် ထည့်ပေးရမယ်။ ၇၀၊ ၃၀ မှာဆို မြန်မာဘက်က ၃၀ ရာခိုင်နှုန်းကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က မလုပ်နိုင်ဘူးလို့ ငြင်းထားပြီးသား။ ဘာဖြစ်လို့လဲဆို အနှစ် ၃၀ လုပ်တာတောင် အောင်မြင်မှ အရင်းရမယ်။ အဲဒါကြောင့်မို့လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရှယ်ယာမထည့်နိုင်ပါဘူး လုပ်ထားပြီးသား။ တင်ဒါ Bid Price ဆိုရင် သီလ၀ါနဲ့ ထားဝယ်မှာ တစ်ပြားမှ မရခဲ့ဘူး။ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် နှစ်ခုပေါင်းရင် ဒေါ်လာ ၂၇၀ ဒသမ ၃ သန်း ရတယ်။ အစိုးရကိုပေးတဲ့ Golden Share မပါသေးဘူး” လို့ စီမံကိန်းမှာ ပါဝင်တဲ့ Urban Resource အများပိုင်ကုမ္ပဏီက ဦးအောင်ဇေယျက ဆိုပါတယ်။

တရုတ်မဟာဗျူဟာမြောက် ပင်လယ်ထွက်ပေါက်ကနေ မြန်မာ့လုံခြုံရေးအတွက် မဟာဗျူဟာမြောက် ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲ

ARSA အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဖွဲ့စည်းလိုက်တဲ့ အာနန်ကော်မရှင်ကနေ အစပြုပြီး မြန်မာနိုင်ငံရဲ့ နယ်စပ်ပြဿနာ ဘင်္ဂါလီ ခိုးဝင်အရေးဟာ ကမ္ဘာ့အရေးအဖြစ် အသွင်ပြောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို ICC တင်ပြီး အရေးယူဖို့အထိ လုပ်ဆောင်လာတဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံအတွက် အရေးကြီးနေတာက ရခိုင်ပြည်နယ်ရဲ့ ဘူးသီးတောင်၊ မောင်တောကို ဘင်္ဂါလီတွေအတွက် ပေးလိုက်ရပြီး နောက်ဆုံးမှာ ပြည်နယ်၊ ခွဲထွက်ခွင့်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပေါင်းစည်းသွားပြီး မြန်မာ့အချုပ်အခြာအာဏာဟာ ဆုံးရှုံးသွားရနိုင်တဲ့ အခြေအနေမျိုး ကြုံလာရပြီး မြန်မာ့ပိုက်နက် ပဲ့ပါသွားတဲ့ အဖြစ်မျိုး ရင်ဆိုင်ရပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင်လည်း သူ့နိုင်ငံဟာ လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ပင်လယ်အောက် ရောက်သွားမယ်ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံ ဖြစ်ပါ တယ်။ ဒီလိုရေအောက် နစ်မြုပ်သွားမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထွက်ပေါက်ဟာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံပဲ ရှိပါတယ်။ သန်း ၁၆၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအတွက် သန်း ၁၄၀၀ လောက် ထမ်းပိုးထားရပြီး ခိုးဝင်လာသူတွေကို ပစ်သတ်နေတဲ့ အိန္ဒိယနိုင်ငံဆီကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ကူးပြောင်းနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။

အဲဒီလိုအချိန်မှာ ARSA အကြမ်းဖက်မှုနဲ့ နိုင်ငံတကာအရေးအဖြစ် အသွင်ပြောင်းသွားတဲ့ မြန်မာ့ဘင်္ဂါလီအရေး ဖြေရှင်းမှု ညံ့ဖျင်းပုံဟာ “မြန်မာအခက်၊ ဘင်္ဂလားဒေ့ရှ်အချက်” ဖြစ်သွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို မြန်မာ့မြေဆီတင်ပို့ပြီး မြန်မာ့မြေရယူရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပညာရှင်တွေက အသိပေး ထောက်ပြမှုတွေက ၂၀၁၀ ပြည့် နှစ်ပတ်လည် ကတည်းကပါ။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ပရော်ဖက်ဆာ Ray Bawarchi က ၂၀၁၂ ခုနှစ်တုန်းက The India America Today မှာ ‘Conflicts Ahead for India; Myanmar Drowning Bangladesh ဆိုပြီး စာတမ်းတစ်ခု ရေးသားပါတယ်။ စာတမ်းမှာဆိုရင် ပင်လယ်ရေမျက်နှာပြင်အောက် နစ်မြုပ်တော့မယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေအနေကြောင့် အနိမ့်ပိုင်းက သူ့နိုင်ငံသား သန်း ၈၀ လောက်ကို နေရာရွှေ့ပြောင်းနိုင်ဖို့ လုပ်ဆောင်ရမယ်။ နောက်နှစ်ပေါင်း ၃၀ လောက်မှာ ဘင်္ဂါလီသန်း ၁၅၀ လောက်ဟာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနဲ့ အိန္ဒိယနိုင်ငံဆီ ရောက်လာမယ်ဆိုတဲ့ အခြေအနေလို့ ရေးသားခဲ့ပါတယ်။ အိန္ဒိယဟာ သူ့နိုင်ငံမှာ လူဦးရေ များပြားလွန်းနေတာကြောင့် ဘင်္ဂါလီတွေကို လက်ခံဖို့ မဖြစ်နိုင်တာကြောင့် ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံဆီကို နောက်ဆုံးမှာ ရောက်လာပါလိမ့်မယ်။ စာတမ်းရှင်ကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒီကိစ္စ ဖြစ်လာဖို့အတွက် စတင်ကြိုးစားနေပြီလို့ ရေးသားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က ပရော်ဖက်ဆာ Ray Bawarchi ရှုမြင်မှုဟာ ၂၀၁၈ ခုနှစ်မှာတော့ တကယ်ဖြစ်လာတော့မယ့် အခြေအနေဖြစ်နေပြီး မြန်မာနိုင်ငံဟာ ရိုဟင်ဂျာပဋိပက္ခနဲ့ ဘင်္ဂါလီ တစ်သန်းကျော်ကို လက်ခံရတော့မယ့် အခြေအနေကို ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံသားမှန်ရင်၊ မြန်မာနိုင်ငံမှာ နေခဲ့ရိုးမှန်ရင်၊ မှန်ကန်တဲ့ အထောက်အထား ပြနိုင်တဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံမှာ စိစစ်လက်ခံရမယ် ဆိုပေမယ့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား မပြနိုင်တဲ့ သူတွေကို လက်ခံဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို လက်ခံဖို့ မြန်မာ့အချုပ်အခြာအာဏာ ပိုင်နက်ကို ခွဲဝေပေးရမယ် ဆိုတာက ပိုပြီးမဖြစ်နိုင်ပါဘူး။ ၂၀၅၀ ပြည့်နှစ်မှာ ဖြစ်လာနိုင်တဲ့ ဘင်္ဂါလီ သန်း ၁၅၀ ရွှေ့ပြောင်းမှု အခြေအနေတွေကို UN နဲ့ OIC ပေါင်းပြီး မြန်မာနိုင်ငံဆီပို့ဖို့ အမေရိကန်နဲ့ အင်္ဂလန် ထောက်ခံမှုနဲ့ လုပ်နေတယ်ဆိုတဲ့ အခြေအနေတွေက မြန်မာနိုင်ငံအတွက် ပိုပြီးလက်ခံနိုင်စရာ မဟုတ်ပါဘူး။

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ UN နဲ့ OIC ပေါင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို မြန်မာနိုင်ငံဆီပို့ဖို့ မဟာဗျူဟာမှာ မြန်မာနိုင်ငံက ပိတ်မိနေပါပြီ။ ဒီလို ပိတ်မိနေပြီ ဆိုတာကိုလည်း ရခိုင်အရေးမှာ တရစပ် ဖိအားပေးနေတဲ့ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ဖိအားပေးမှုတွေက သက်သေခံနေပါတယ်။

နောက်တစ်ခုက ရခိုင်ဒေသဟာ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်နဲ့ တရုတ်အတွက် သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာမြောက် နေရာပါ။ တရုတ်ရဲ့ သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာကို ဖျက်ဆီးရင်း မြန်မာ့မြေမှာ တိုင်းပြည်ပျောက်တော့မယ့် ဘင်္ဂါလီတွေကို ရွှေ့ပြောင်းနိုင်အောင် လုပ်ဆောင်ရင်း မြန်မာနိုင်ငံကို တရစပ် ဖိအားပေးနေတဲ့ အမေရိကန်ရဲ့ အကြံပက်စက်မှုကို မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုကျော်ဖြတ်မလဲ စဉ်းစားရတော့မယ့် အခြေအနေပါ။

ဒီလိုအခြေအနေမှာ ၂၀၁၂ ကတည်းက စတင်ပြီး ကျောက်ဖြူစီမံကိန်း အစပြုပြီး နိုင်ငံတကာ တင်ဒါခေါ်ယူခဲ့မှုတွေ၊ ကမ္ဘာအနှံ့က ကုမ္ပဏီတွေကို တင်ဒါယှဉ်ပြိုင်စေခဲ့မှုတွေနဲ့ လုပ်ဆောင်ခဲ့တဲ့ ကျောက်ဖြူစီမံကိန်းမှာ အကြံပေးကုမ္ပဏီဖြစ်တဲ့ လက်ရှိ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့ရဲ့ တောင်းဆိုချက်တွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တဲ့ CITIC ဟာ ကုမ္ပဏီများစွာကို ကျော်ဖြတ်ပြီး တင်ဒါရရှိခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် ဦးသိန်းစိန်အစိုးရကို ခွာပြီးဆက်ဆံခဲ့တဲ့ ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရာယူဖို့ ကြိုးပမ်းနေတဲ့ ရခိုင်ဒေသမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို လုပ်ကိုင်ခွင့်ပေးခဲ့မှုဟာ စီးပွားရေးအမြင် တစ်ခုတည်း မကနိုင်ဘဲ လုံခြုံရေး အမြင်ပါ ပါနေမှာပါ။

ပြည်သူများစွာနဲ့ ထိတွေ့၊ လွှတ်တော်မှာ အကြိမ်ကြိမ်ရှင်းလင်းပြီးမှ အတည်ပြုခဲ့တဲ့ ဒီစီမံကိန်းဟာ လွယ်လင့်တကူ ဖျက်ပစ်ဖို့ဆိုတာ အခုလို ဘင်္ဂါလီ အန္တရာယ်ရှိနေတဲ့ အခြေအနေမျိုးမှာ ပိုမဖြစ်သင့်ဘဲ ၂၀၂၅ မတိုင်မီ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတယ်ဆိုတဲ့ အခြေအနေဖြစ်ဖို့ စီမံကိန်း စတင်နိုင်ရေး အမြန်ဆုံး လုပ်ဆောင်ဖို့ လိုပါတယ်။

ကုလားတန် ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ဒေါ်လာ ကိုးဘီလျံ တန်ကြေးရှိမယ့် တရုတ်ရဲ့ ကျောက်ဖြူ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာ့မြေကို ဘင်္ဂါလီလက် မရောက်ရေးအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့နဲ့ အကူအညီ ရယူရေးအတွက် တားဆီးဖို့ NLD အစိုးရဟာ မဖြစ်မနေ လုပ်ဆောင်ရပါလိမ့်မယ်။

ကျောက်ဖြူစီမံကိန်းဟာ တရုတ်ရဲ့ စီးပွားရေး၊ တရုတ်ရဲ့ မဟာဗျူဟာဆိုတဲ့ အခြေအနေကနေ ကျော်လွန်ပြီး မြန်မာ့အချုပ်အခြာအာဏာ လုံခြုံရေး မဟာဗျူဟာ စီမံကိန်းအဖြစ် အသွင်ပြောင်းဖို့ NLD အစိုးရဟာ မဖြစ်မနေ လုပ်ဆောင်ရပါလိမ့်မယ်။

တရုတ်စီမံကိန်းတွေရဲ့ အလေ့အထက သူ့နိုင်ငံက လာမြှုပ်နှံတဲ့ စီမံကိန်းတွေကို သူ့နိုင်ငံသားတွေ အကျိုးအမြတ်ရအောင် လုပ်လေ့လုပ်ထရှိတာမို့ ဒီလိုအခြေအနေတွေကို မဖြစ်အောင် NLD အစိုးရဟာ စိစစ်တားဆီးနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။

တရုတ်ရဲ့ မဟာဗျူဟာကို တားဆီးဖို့၊ မြန်မာ့မြေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၁၅၀ လောက် မောင်းသွင်းဖို့ ကျောက်ဖြူစီမံကိန်း ပျက်စီးစေချင်နေတဲ့ အမေရိကန်၊ ဗြိတိန်၊ UN၊ OIC တို့ရဲ့ အကြံအစည်တွေကို NLD အစိုးရအနေနဲ့ လေ့လာပြီး ခရိုနီအကျိုးစီးပွားကိုလည်း မကြည့်ဘဲ၊ မြန်မာနိုင်ငံကိုလည်း မနစ်နာစေဘဲ၊ တရုတ်ရဲ့ မဟာဗျူဟာကိုလည်း အမြတ်ထုတ်နိုင်မယ့် မဟာဗျူဟာမြောက် စီမံကိန်းအဖြစ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အသွင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

ထပ်ပြီးအကြံပြုရရင် တရုတ်ရဲ့ OBOR မှာ မန္တလေးကို ဗဟိုပြုပြီး ရန်ကုန်နဲ့ ကျောက်ဖြူကို ချိတ်ဆက်မယ့် တရုတ်-မြန်မာ စင်္ကြံစီမံကိန်းမှာဆိုရင် ရန်ကုန်ရဲ့ စီးပွားရေး တစ်ခုလုံးကို ဆွဲချသွားမယ့် ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ရန်ကုန်ရေနက်ဆိပ်ကမ်း စီမံကိန်းထက် ဖွံ့ဖြိုးမှု ဘက်ညီစေမယ့် ကျောက်ဖြူစီမံကိန်းကို NLD အစိုးရက ပိုအာရုံစိုက်သင့်တဲ့ အခြေအနေဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ မြန်မာနစ်နာမယ်ဆိုရင် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းမှာ မြန်မာနိုင်ငံက အသာစီးရမှ လုပ်ခွင့်ပေးမယ်ဆိုတဲ့ မဟာဗျူဟာ အမြင်မျိုး ကြိုတွေးထားပါလို့လည်း ထပ်ဆင့် အကြံပြုချင်ပါတယ်။ ဘယ်လိုအကြံပြုမှုမှ နားမထောင်ဘဲ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေရင်တော့ ဘင်္ဂလားဒေ့ရှ်ကို ခွဲပေးရမှာက မြန်မာ့ပိုင်နက်ဆိုတာ သတိပြုပါ။

“စီမံကိန်းကို လုံးဝမဖျက်သင့်ဘူး။ အထူးသဖြင့်တော့ အနောက်အင်အားစုတွေ အားလုံးက တရုတ်ကို ၀ိုင်းပတ်ပြီးတော့ သူ့ကို အနှောင့်အယှက် ပေးနေတာပဲ။ အဲဒီလို ကြားထဲမှာ ကျွန်တော်တို့က ကြားခံနိုင်ငံတစ်ခု အနေနဲ့ ဓားစာခံဖြစ်လာတဲ့သဘော ဖြစ်နေတယ်။ ရခိုင်ကိစ္စမှာ သိသိသာသာ ထင်ထင်ရှားရှား မြင်ရတယ်။ အဲဒီအချိန်မှာ တရုတ်က တိတိကျကျ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ရပ်တည်ပေးတယ်။ ကျွန်တော်တို့အတွက် အမျိုးသားရေးကိစ္စ ဖြစ်လာတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေးက တော်တော်ကောင်းလာတယ်။ တရုတ်အတွက်လည်း မြန်မာက အရေးပါသလို မြန်မာ့အတွက် တရုတ်ကလည်း အရေးပါတယ်။ အဲဒါကိုလည်း တရုတ်သံအမတ်ကြီးက ကျွန်တော်တို့ စီးပွားရေး ကော်မတီကို ညစာစားပွဲဖိတ်တော့ ကျွန်တော်ပြောခဲ့တယ်။ ဆိုလိုချင်တာက ဒီစီမံကိန်းကို စီးပွားရေးသက်သက် ကြည့်လို့မရဘူး။ နိုင်ငံရဲ့ လုံခြုံရေး။ နောက်တစ်ခု မဖွံ့ဖြိုး မတိုးတက်လို့လည်း ဒီပြဿနာဖြစ်တာ။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့က ပြည်တွင်းအင်အားနဲ့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ အစိုးရ အင်အားပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက အင်အားနဲ့ပဲဖြစ်ဖြစ် ဘယ်နည်းနဲ့မှ ဒီဒေသ ဖွံ့ဖြိုးလာအောင် လုပ်ဖို့မလွယ်ဘူး။ ကျွန်တော်တို့မှာ ပြည်တွင်းနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ အင်အားတစ်ခုက ဘာပဲဖြစ်ဖြစ် လိုကို လိုအပ်နေတယ်။ တစ်ဖက်မှာ သီရိလင်္ကာလို မဖြစ်ရအောင် အပြန်အလှန် နားလည်မှုနဲ့ ညှိရမယ်။ တရုတ်ကလည်း မြန်မာနိုင်ငံသူတို့အတွက် အရေးပါတယ်ဆိုတာ သဘောပေါက်တယ်။ အိန္ဒိယကလည်း တရုတ်လိုပဲ လမ်းကြောင်းတစ်ခုဖော်ဖို့ ကြိုးစားလာပြီ။ အိန္ဒိယနိုင်ငံအနေနဲ့ ကြည့်ရင်လည်း မြန်မာနိုင်ငံက ထွက်ပေါက်ပဲ။ အရှေ့တောင်အာရှ ထွက်ချင်ရင် မြန်မာကပဲ ထွက်ရမယ်။ တရုတ်ကလည်း ပါကစ္စတန်တို့ ဘာတို့မှာလည်း စီးပွားရေး ရပ်ဝန်းတွေ ဖော်ဆောင်နေတယ်။ ဒေါ်လာဘီလျံ ၅၀ လောက်အထိ သုံးမယ်လို့ သိရတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒီလောက် သုံးချင်သုံးမှာပေါ့။ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့။ ပြည်တွင်း လုပ်ငန်းရှင်တွေလည်း အကျိုးရှိ။ တရုတ်လုပ်ငန်းရှင် တွေရော နှစ်နိုင်ငံစလုံးရော အကျိုးရှိပေါ့။ အဲဒီလို လမ်းကြောင်းပဲ စဉ်းစားရမယ်။ အရင်ကလို တံခါးပိတ် လုံးဝလက်မခံဘူး။ လုံး၀၀င်မရဘူး ဆိုတာမျိုးလည်း လုပ်လို့မရဘူး။ ရင်းနှီးမြှုပ်နှံမှုပမာဏ များလွန်းလို့ လက်မခံဘူး ဆိုတာကတော့ မဖြစ်သင့်ဘူးထင်တယ်။ တရုတ်ကုမ္ပဏီတိုင်းလည်း မညံ့ဘဲ ကမ္ဘာကျော် ကုမ္ပဏီတွေ အများကြီးရှိလာပြီ။ လူမှုစီးပွား အကျိုးကျေးဇူးတွေကို လုပ်ပေးနိုင်တဲ့ တာဝန်သိ ကုမ္ပဏီတွေ အများကြီး ရှိလာပါပြီ။ တစ်ချိန်က ချစ်လှပါချည်ရဲ့ဆိုတဲ့ အနောက်နိုင်ငံတွေ ဒီနေ့ မြန်မာနိုင်ငံကို ဘာအကူအညီ ပေးနေလို့လဲ။ တကယ်တမ်း လက်တွေ့မှာ ဘာမှမရှိဘူး။ ဆရာကြီးပဲ လာလာလုပ်နေတာ။ အဲဒီလိုဆို ကျွန်တော်တို့က လက်တွေ့ကျကျ လုပ်နိုင်သူပဲ လက်ခံရမှာပေါ့။ ဘက်စုံကောင်းချင်နေလို့တော့ ဘယ်ရမလဲ။ အရေးအကြီးဆုံးတစ်ခု လိုချင်ရင်တော့ အရေးမကြီးတာတွေ စွန့်လွှတ်ရမှာပေါ့” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပါတယ်။

ခရိုနီအကျိုးအတွက် ဒေါ်လာသန်း ၁၁၀၀ ကို တာဝန်ခံ ချေးပေးခြင်းက မြန်မာနိုင်ငံကို နစ်မွန်းအောင် လုပ်သလို ဖြစ်စေမှာဖြစ်ပြီး တရုတ်ရဲ့ ကြွေးမြီထောင်ချောက်မှာ ပိတ်မိအောင် လုပ်သွားမှာမို့လို့ ခရိုနီလည်း မကြည့်၊ မြန်မာ့မြေပိုင်နက်ကိုလည်း ဘင်္ဂလားဒေ့ရှ်က မထိနိုင်ဘဲ တရုတ်ရဲ့ မဟာဗျူဟာမြောက် စီမံကိန်းကို မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ဖြစ်လာအောင် အသွင်ပြောင်းလဲနိုင်တဲ့ အရည်အသွေး NLD အစိုးရမှာ ရှိမနေရင်တော့ လာမယ့်နှစ် ၃၀ အတွင်း မြန်မာ့မြေ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ Great Bengal အိပ်မက်အတွက်ပဲ ဖြစ်သွားပါလိမ့်မယ်။




ဖြိုးဝေ
Eleven Media Group

0 comments:

Post a Comment