Tuesday, June 5, 2018

မန္တလေးတွင် မူးယစ်ဆေးသုံးသည့်နေရာကို ရဲဝင်ရှင်း


မန္တလေးမြို့ပေါ်တွင် မူးယစ်ဆေးသုံးစွဲရာနေရာတစ်ခုဖြစ်သော ကမ်းနားလမ်း (ကျွဲစွန်းဆိပ်အနီး) မှ မူးယစ်ဆေးဝါး ရောင်းဝယ်နေရာများကို ရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့တွင် ဝင်ရောက်ရှင်းလင်းခဲ့သည်။

“လုပ်တာကတော့ ဇီးအုပ်လိုပါပဲ။ မူးယစ်ကျော်စောနေရာကို မူးယစ်တပ်ဖွဲ့နဲ့ ရဲကဝင်ရှာပြီး စည်ပင်က လုပ်ထုံးလုပ်နည်းအတိုင်း တရားမဝင် ကျူးကျော် အဆောက်အအုံတွေကိုရှင်းတာ”ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က အတည်ပြုပြောကြားသည်။

ဧရာဝတီဆိပ်ကမ်းတစ်လျှောက် မူးယစ်ဆေး ရောင်းဝယ်အသုံးပြုရာနေရာမှ နေအိမ်ရှစ်လုံးကို ရဲတပ်ဖွဲ့က ဝင်ရှောက်ရှာဖွေခဲ့ပြီးနောက် အဆောက်အအုံများကို စည်ပင်သာယာရေး ကော်မတီက ရှင်းလင်းခဲ့ကြောင်း၊ ယင်းသို့ရှင်း လင်းရာမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သုံးစွဲသူနှင့် ရောင်းချသူများကို ဖမ်းဆီးရမိခြင်းမရှိကြောင်း ၎င်းကရှင်းပြသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့သည် မူးယစ်ကျော်စောနေရာများကို ဇွန်လ ၂ ရက်နေ့က စရှင်းလင်းခဲ့ရာ ပုသိမ်ကြီးမြို့နယ်ရှိ ဇီးအုပ်ကျေးရွာကွက်သစ်နှင့် ကံကြီးကုန်းကျေးရွာကွက်သစ်အတွင်းမှ နေအိမ်အလုံး ၃၀ ကို ရှင်းလင်းနိုင်ခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူ ကိုးဦးကို ဖမ်းဆီးရမိခဲ့သည်။

ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် လေးရက်အတွင်း ရဲတပ်ဖွဲ့က သုံးကြိမ်မြောက် ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment