Tuesday, June 5, 2018

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ကို မသိမသာယူမည်ဟု စီမံ/ဘဏ္ဍာဝန်ကြီးသစ်ပြော


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ကို မသိမသာရယူ၍ နိုင်ငံ၏စီးပွားရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရသူ ဦးစိုးဝင်းက ပြောကြားလိုက်သည်။

“အတိုင်ပင်ခံက ကျွန်တော်တို့ကို လွတ်လပ်စွာ ဆုံးဖြတ်ပြီးတော့ လွတ်လပ်စွာ လုပ်ဖို့ပါပဲ။ ကျွန်တော်တို့ကတော့ လိုအပ်ရင် အတိုင်ပင်ခံရဲ့လမ်းညွှန်ချက်ကို မသိမသာယူဖို့ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အခုအချိန်မှာ ဘာကတိမှ မပေးနိုင်ပါဘူး”ဟု ၎င်းကဆိုသည်။

ငွေကြေးကိစ္စဖြင့် စစ်ဆေးခံရသူ စီမံ/ဘဏ္ဍာဝန်ကြီးဦးကျော်ဝင်း နုတ်ထွက်ပြီးနောက် ၎င်းနေရာသို့ အစားထိုးခန့် အပ်ခံရသူ ဦးစိုးဝင်းသည် ယနေ့ (ဇွန် ၅) ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လာရောက်ကျမ်းကျိန်ပြီးနောက် မီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့။ ဒီစိန်ခေါ်မှုတွေကို လျှော့တွက်လို့ မရဘူး။ ကျွန်တော့်အဖွဲ့တွေနဲ့ လေးလေးနက်နက် တိုင်တိုင်ပင်ပင်နဲ့ တဖြည်းဖြည်း လုပ်သွားပါမယ်။ တဖြည်းဖြည်း ဆိုပေမယ့် အချိန်တော့ သိပ်မရှိဘူး။ လုပ်စရာရှိတာ လုပ်သွားရပါမယ်”ဟု ၎င်းကပြောသည်။

နိုင်ငံ၏စီးပွားရေးကို ဦးစားပေးအဆင့်များ ခွဲထား၍ နယ်ပယ်အစုံ ပြုပြင်သွားရမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းကို အလွယ်တကူ လုပ်ဆောင်ခွင့်ပေးသွားမည် မဟုတ်ကြောင်း ဦးစိုးဝင်းကဆိုသည်။

“ထိထိရောက်ရောက်နဲ့ အကျိုးရှိတဲ့ ချေးငွေတွေ ယူပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံချင်တယ်”ဟု ၎င်းကပြောသည်။

ပြည်သူအနေနှင့် ၎င်း၏ အသက်အရွယ်အရ စိုးရိမ်မှုရှိနေသော်လည်း အစိုးရ၏ ကျန်ရှိသည့်သက်တမ်းတွင် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် စိတ်အေးလက်အေးနေကြရန် ပြောကြားလိုကြောင်း ဝန်ကြီးဦးစိုးဝင်းက ထပ်လောင်း ပြောကြားခဲ့သည်။

The Voice

0 comments:

Post a Comment