Monday, June 18, 2018

နိုင်ငံကို စည်းလုံးအောင်လုပ်မည်ဟု ကိုလံဘီယာ သမ္မတသစ် ကတိပြု


ကိုလံဘီယာ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသူက နိုင်ငံကို စည်းလုံးအောင်လုပ်မယ်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြုပြင်ပြောင်းလဲမယ်လို့ ကတိပြုလိုက်ပါတယ်။

“နှိမ့်ချမှု၊ ဂုဏ်ယူမှုတွေနဲ့အတူ ကိုလံဘီယာ ပြည်သူတွေကို ကျနော်ပြောပါတယ်။ နိုင်ငံစည်းလုံးဖို့ ကျနော် စွမ်းအင်တွေ အကုန်ပေးပါ့မယ်။ ကွဲပြားမှုတွေ ထပ်မရှိတော့ဘူး။ အားလုံးနဲ့ တယောက်တိုင်းအတွက် နိုင်ငံကို စဉ်းစားကြပါစို့” လို့ ရွေးကောက်ခံ ကိုလံဘီယာ သမ္မတအသစ် အိုင်ဗန် ဒူးကီက ပြောခဲ့တာပါ။

ဒူးကီဟာ ရွေးကောက်ပွဲမှာ မဲ ၅၄ ရာခိုင်နှုန်း ရခဲ့ပြီး လက်ဝဲယိမ်း ပေထရိုက ၄၂ ရာခိုင်နှုန်း ရခဲ့တာပါ။

ဒါဟာ လက်တင်အမေရိကရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ချလက်ချရှိရေး အားပေးမှုလည်း ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ဒူးကီဟာ သမ္မတဟောင်း အယ်လ်ဗာရို အူရီဘီရဲ့ လက်ရင်းတပည့် ဖြစ်ပါတယ်။

ကိုလံဘီယာရဲ့ စီးပွားရေးသမားတွေအတွက် အဆင်ပြေတဲ့ စီးပွားရေးမူဝါဒကို ဆက်ထားပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ကို တင်းရင်းအောင်လုပ်မယ်လို့ သူက ကတိပြုပါတယ်။

“ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ကျနော်တို့အားလုံးဟာ သူငယ်ချင်းတွေပါ။ ပထမဆုံး အနေနဲ့ သူပုန်အဖွဲ့ကို ဖျက်သိမ်း၊ လက်နက်ဖြုတ်သိမ်းပြီး လူ့အဖွဲ့အစည်းအတွင်း ထိရောက်တဲ့ ပြန်လည်လူရာသွင်းခြင်း လုပ်ငန်းစဉ်ကို ခွင့်ပြုဖို့ ဆန္ဒတွေကို ပြန်ထိန်းသိမ်းတဲ့ ငြိမ်းချမ်းရေး ဖြစ်သင့်တယ်” လို့ ဒူးကီက ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ ဖားသူပုန်တွေနဲ့ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်အပြီး ပထမဆုံး သမ္မတရွေးကောက်ပွဲပါ။

လူ ၂ သိန်း ၂ သောင်းကျော် သေဆုံးပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ နှစ် ၅၀ ကြာစစ်ပွဲကို အဆုံးသတ်ပေးခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အလုံးစုံ ပြုပြင်ပြောင်းလဲမယ်လို့ ဒူးကီက ကတိပေးထားပါတယ်။

စစ်ရာဇဝတ်မှုတွေအတွက် သူပုန်တွေကို ပိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့လည်း သူက ကတိပြုထားပါတယ်။

DVB

0 comments:

Post a Comment