Monday, June 18, 2018

သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ်ပေးရန် အဆိုရှုံးနိမ့်


သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ တရားခံတွေကို အထူးဥပဒေပြဋ္ဌာန်းပြီး သေဒဏ် အပြစ်ပေးဖို့အဆို ရှုံးနိမ့်သွားပြီး ပြည်သူ့လွှတ်တော်မှာ မှတ်တမ်းအဖြစ် ထားရှိလိုက်ပါတယ်။

ရခိုင်ပါတီကိုယ်စားလှယ်တင်သွင်းတဲ့ သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ အထူး ဥပဒေ ရေးဆွဲပြဋ္ဌာန်းဖို့ အဆိုကို ဇွန်လ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် လေးဦးက ဆွေးနွေးခဲ့ပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက သဘောထားမှတ်ချက်မပေးခဲ့သလို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကတော့ ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေအတိုင်း ကျင့်သုံးပေးမယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ကတော့ အဆိုကိုမှတ်တမ်းတင်ဖို့ ဆွေးနွေးခဲ့ပြီး အဆိုရှင်ကတော့ အတည်ပြုပေးဖို့ ပြောဆိုခဲ့တဲ့အတွက် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာမှာ အဆိုကို ကန့်ကွက်သူများတဲ့အတွက်အဆို ရှုံးနိမ့်ခဲ့တာပါ။

အဆိုကိုဆွေးနွေးခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် လေးဦးထဲမှာ သုံးဦးက အထူးဥပဒေမဟုတ်ဘဲ ရှိရင်းစွဲဥပဒေထဲမှာ ကလေးသူငယ်သတ်မှတ်ချက်ကို ၁၂ အောက်ဟု အတိအကျသက်မှတ်ပြီး ၁၂ အောက် ကလေးငယ်တွေအပေါ် သက်ငယ်မုဒိမ်း ကျူးလွန်သူတွေ ကို သေဒဏ်ပေးရမယ်လို့ ပြင်ဆင်သတ်မှတ်ပေးသင့်တယ်လို့ ထောက်ပြဆွေးနွေးခဲ့ပြီး  တဦးကတော့ အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ စဉ်းစားပြီး ဥပဒေရေးဆွဲမယ်ဆိုပါက မိန်းကလေးတွေအတွက်သာ ရည်ရွယ်တာမျိုးမဟုတ်ဘဲ အရွယ် မရောက်သေးတဲ့ ယောက်ျားလေးတွေအတွက်ပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ သက်ငယ်မုဒိမ်းကျူးလွန်မှုတွေ နှစ်အလိုက် မြင့်တက်လာခဲ့ပြီး ၂၀၁၈ လေးလအတွင်း အမှုပေါင်း ၃၀၀ ကျော်ကျူးလွန်ခဲ့ပြီး မုဒိမ်းမှု စုစုပေါင်းရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဖြစ်ပွားနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

DVB


0 comments:

Post a Comment