Monday, June 11, 2018

ယခုနှစ် ခြောက်လတာအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ် အရေအတွက်မှာ ယခင်နှစ်နှစ်ပေါင်း မြေငလျင်လှုပ်ခတ်မှုအကြိမ် အရေအတွက်နီးပါးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရ


နေပြည်တော်အနီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာမှ မိုးကောင်းရွာ လယ်စေတီပျက်စီးမှုများကို တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)
ယခုနှစ် ခြောက်လတာကာလ အတွင်းတွင် မြေငလျင်လှုပ်ခတ်မှု အကြိမ် ၉၀ ရှိခဲ့ပြီး ယခင်နှစ်နှစ်ပေါင်း မြေငလျင်လှုပ်ခတ်မှု အရေအတွက်နီးပါးထိ ရှိလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ ၂၀၁၆ ခုနှစ် တွင် မြေငလျင်လှုပ်ခတ်မှု ၄၂ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် အကြိမ် ၇၀ ရှိခဲ့ပြီး ယခုနှစ်တွင် လက်ရှိအချိန်ထိ မြေငလျင်လှုပ်ခတ်မှု အကြိမ် ၉၀ ရှိလာပြီဖြစ်သည့်အတွက် ယခင် နှစ်နှစ်ပေါင်း ငလျင်လှုပ်ခတ်မှု အကြိမ်အရေအတွက် ဖြစ်သည့် ၁၁၂ ကြိမ် နီးပါးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

မေလတွင် ငလျင်လှုပ်ခတ်မှု ရှစ်ကြိမ်နှင့် ဇွန် ၁ ရက်မှ ၁၁ ရက်အတွင်း ခြောက်ကြိမ်ရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောကြားသည်။

“ငလျင်က မေလက ရှစ်ကြိမ်လှုပ်တယ်။ ဇွန်လကတော့ လမကုန်သေးတော့ လက်ရှိ ဇွန် ၁၁ ရက်အထိ ခြောက်ကြိမ်ပေါ့။ တစ်နှစ်တာအနေနဲ့ ဆိုရင်တော့ အကြိမ် ၉၀ ရှိတယ်။ လက်ရှိအချိန်ထိပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

မေလနှင့် ဇွန်လအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင် ၁၄ ကြိမ်တွင် မြန်မာနိုင်ငံရှိ မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားစေသည့် အဓိက ပြတ်ရွေ့ကြောများအနီးတွင် လှုပ်ခတ်ခဲ့ခြင်းမျိုး မရှိကြောင်းလည်း ဒေါက်တာယဉ်မျိုးမင်းထွေး၏ ဆက်လက်ပြောကြားမှုအရ သိရသည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့ စသည့် ငလျင်လှုပ်ခတ်စေသည့် ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး အင်အားရစ်ချတ်တာစကေး ၆ နှင့် အထက်လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီး ငါးခုနှင့် ရစ်ချတ်တာစကေး ၂ မှ ၅ အထိ လှုပ်ခတ်တတ်သည့် မြေငလျင်ကြော ၄၀ ခန့်ရှိကာ အချိန်မရွေး ငလျင်အန္တရာယ်ကျရောက်နိုင်ကြောင်း သိရသည်။

မြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု အစီအမံများ၊ ဇာတ်တိုက် လေ့ကျင့်မှုများ၊ ပညာပေးမှုများ မကြာခဏ ပြုလုပ်သင့်ကြောင်း သိရသည်။

နေ၀န်းထက်
Eleven Media Group

0 comments:

Post a Comment