Monday, June 11, 2018

မကွေးအနီးရေကြီး၍ ကား ၂၀၀ ကျော်ပိတ်မိ၊ မွေးကင်းစ ကလေးတစ်ဦး သေဆုံး


မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေကျော်များတွင် ရေကြီး၍ ကား ၂၀၀ ကျော် ပိတ်မိနေပြီး ကိုယ်ဝန်ဆိပ်တက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဆေးရုံ မလွှဲပြောင်းနိုင်သည့်အတွက် ကလေးငယ်သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဇွန်လ ၁၀ ရက်နေ့က မြို့သစ်မြို့နယ် ဆေးရုံ၌ ကိုယ်ဝန်အဆိပ်တက်နေသည့် အမျိုးသမီးတစ်ဦးကို မကွေးတိုင်း ဆေးရုံကြီးသို့ လွှဲအပ်ရာတွင် ရေကျော်များအတွင်း ပိတ်မိနေသည့်အတွက် ယင်းနေရာတွင် မီးဖွားခဲ့ရာ မွေးကင်းစ ယောကျာ်းကလေးငယ်မှာ ဆုံးပါးခဲ့ရပြီး ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းအထိ ယင်းအမျိုးသမီးသည် မကွေးဆေးရုံကြီးသို့ တက်ရောက်နိုင်ခြင်း မရှိသေးဘဲ ရေကျော်များအတွင်း ပိတ်မိနေဆဲဖြစ်ခြင်းနှင့် ယင်းအမျိုးသမီး၏ ကျန်းမာရေးအခြေအနေ မစိုးရိမ်ရခြင်းတို့ကြောင့် လူမှုကယ်ဆယ်ရေးအသင်း အချို့က မကွေးသို့မပို့တော့ဘဲ မြို့သစ်ဆေးရုံသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ 

ဇွန်လ ၁၀ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့၍ မကွေးမြို့မှ နတ်မောက်မြို့နှင့် မြို့သစ်မြို့နယ်များမှတစ်ဆင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့နယ်များသို့ သွားရောက်သည့် လမ်းမကြီးများအပေါ်သို့ ဖြတ်သန်းစီးဆင်းနေသည့် လိပ်ကမ်းချောင်းနှင့် စလေချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရေကျော်များ ရေစီးသန်သဖြင့် လူ၊ ကားငယ်များနှင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့သွားမည့် ခရီးသည်တင်ကား ၂၀၀ ကျော်ပိတ်မိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

“ချောင်းနှစ်ချောင်းကြား ပိတ်မိနေတာ၊ အရေးပေါ်အကူအညီလိုအပ်နေပါတယ်။ ချောင်းနှစ်ချောင်းကြားမှာရှိတဲ့ တဲတိုက်ရွာတစ်ခုက လက်ဖက်သုပ်နဲ့ ထမင်းပဲကျွေးနိုင်တယ်။ အကူအညီတွေ လာပေးစေချင်ပါတယ်”ဟု မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာမှ ဦးရဲနိုင်က ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းကမ်းပါးများ ပြိုကျ၍ နှမ်းခင်း၊ စပါးခင်းများအတွင်း ရေများဝင်ရောက်ခဲ့ပြီး ပွင့်ဖြူမြို့နယ် အနောက်အင်းကုန်းရွာအတွင်းသို့ ရေများဝင်ရောက်မှုကြောင့် နေအိမ် ၆ လုံး ရွှေ့ပြောင်းခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ပြောကြားသည်။

“ချောင်းရေကျော်ကျ နေတာတွေကို ဆည်မြောင်းအဖွဲ့က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးကြည့်ရှုနေပါတယ်၊ ဒီမိုးကုန်သွားရင် ပြင်ဆင်သင့်တာတွေကို အစိုးရအဖွဲ့ထံကို ပြင်သင့်တာတွေကို တင်ပြမယ်။ အခုလက်ရှိအနေအထားက ဘာမှလုပ်မပေးနိုင်သေးဘူး။ မိုးကများနေတယ်။ လူနဲ့ တိရစ္ဆာန်တွေမထိခိုက်အောင် တော့မှာခဲ့ရတာပေါ့”ဟု ၎င်းက ဆိုသည်။

လွင်အေး
The Voice

0 comments:

Post a Comment