Tuesday, June 5, 2018

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနှင့် မြန်မာပြန်ကြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး


မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ မစ္စတာဆိုင်မွန်မေလ်နာနဲ့ အဖွဲ့ဟာ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံပြီး လူမှုကွန်ရက်မှာ အမုန်းစကားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပါတယ်။
တွေ့ဆုံရာမှာ ဖေ့စ်ဘွတ်ကုမ္ပဏီအနေနဲ့ အကြမ်းဖက်မှုတွေ၊ အမုန်းစကား ပြောဆိုမှုတွေ၊ ညစ်ညမ်းစွာရေးသား ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်သုံးစွဲသူတွေရဲ့ Account လုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေ၊ Content ပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြန်ကြားရေးဝန်ကြီးကတော့ ဖေ့စ်ဘွတ်ခ်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက်ဖြစ်တာနဲ့အညီ တစ်ဦးနဲ့ တစ်ဦး ကြမ်းတမ်းရိုင်းပြစွာ ရေးသားပြောဆိုမှုတွေ၊ အမုန်းစကားရေးသား ဖြန့်ဝေမှုတွေနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားစေနိုင်တဲ့ လှုံ့ဆော်ရေးသားမှုတွေအပေါ် ထိန်းကျောင်းဆောင်ရွက်ပေးဖို့ ရေးဆွေးခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စောင့်ကြည့်ထိန်းကျောင်းရာမှာ အခြေအနေ မှန်တွေ သိရှိနိုင်စေဖို့နဲ့ ရေးသားပြောဆိုတဲ့ အကြောင်းအရာတွေကို အကောင်း/အဆိုး မှန်ကန်စွာ ခွဲခြားဆောင်ရွက်နိုင်စေဖို့ မြန်မာ စကားတတ်ကျွမ်းသူတွေကို ခန့်ထားပြီး ပြည်တွင်းမှာ ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ဖို့ လည်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်က အကြံပြု ဆွေးနွေးခဲ့တယ်လို့လည်း အစိုးရသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
DVB

0 comments:

Post a Comment