Friday, June 15, 2018

ပညာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး တည်ငြိမ်မှုရှိအောင် ဂရုစိုက်စေချင်ဟု ဒေါက်တာ မျိုးညွန့်ပြော


ပညာရေးလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး တည်ငြိမ်မှုမထိခိုက်အောင်ဂရုစိုက်စေချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။


အဆင့်မြင့်ပညာရေးဦးစီးဌာနမှ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံရေးဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများကို တားမြစ်ကန့်သတ်သည့်ညွှန်ကြားချက်နှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ပညာသင်ကြားရေး လွတ်လပ်ခွင့်ရှိဖို့ဆိုတာ အစောကြီးကတည်းက ဦးတည်ပြီး၊ ရည်မှန်းပြီးလုပ်နေတာပါ။ လက်ရှိအခြေအနေနဲ့ အချိန်အခါအရ ခွင့်ပြုမှုပေါ်မူတည်ပြီး တည်ငြိမ်မှုမထိခိုက်အောင်တော့ ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဆိုသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ မေလ ၂၁ ရက် ရက်စွဲဖြင့် နိုင်ငံရေးနှင့်သက်ဆိုင်သည့်ပွဲများ ခွင့်မပြုရန်၊ မေလ ၃၀ ရက်တွင် ဆက်နွယ်မှုမရှိသည့် အကြောင်းအရာများကို   ဟောပြောပို့ချခြင်းမပြုရန် ၊ ဇွန် ၂ ရက်နေ့တွင် ပထမထုတ်ပြန်ချက်အား လွှမ်းမိုးပယ်ဖျက်သည်ဟု အသီးသီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင်သတ်မှတ်ထားသည့် ခေါင်းစဉ်အောက်တွင်သာ ဟောပြောရမည်ဟု ဖော်ပြပါရှိသည်။

“အပေါ်ရဲ့ ညွှန်ကြားချက်အရ ကျွန်တော်လုပ်တာပဲ။ ဒါပေမယ့် အများက လက်မခံတော့ နောက်ပိုင်းမှာ နောက်တစ်စောင် ထပ်ထွက်တယ်။ နောက်တစ်စောင်က သိပ်ပြဿနာမရှိဘူး။ အဲ့ဒါနဲ့ ပထမတစ်စောင် ပြန်ပယ်လိုက်တာပါ” ဟု အထက်ပါ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ၃ စောင်ကို လက်မှတ်ရေးထိုးခဲ့သူ အဆင့်မြင့်ပညာ ဦးစီးဌာနညွှန်ချုပ် ဒေါက်တာသိန်းဝင်းက ဆိုသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုမင်းသွေးသစ်က"တကယ်တမ်းကျတော့ နိုင်ငံရေးဆွေးနွေးတယ်၊ လေ့လာတယ်ဆိုတာက မတည်ငြိမ်တဲ့တိုင်းပြည်ကို တည်ငြိမ်အောင်လို့၊ ပြည်သူတွေရဲ့ ဘဝတွေပိုကောင်းလာဖို့ ဒီထက်ပိုပြီးကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ကို တက်လှမ်းနိုင်ဖို့ လေ့လာတာသင်ယူတာ ဆွေးနွေးတာဖြစ်တဲ့အတွက် ဒါကိုပိတ်လိုက်တာမှားတယ်။ ဒါဟာ အဖြေမဟုတ်ဘူး"ဟု ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးတစ်ဝိုက်သာ တည်ငြိမ်မှုရှိပြီး တခြားသောတိုင်းရင်းသားဒေသများတွင် မတည်မငြိမ်ဖြစ်နေသည်ကို တည်ငြိမ်မှုရှိပါသည်ဟု မပြောနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်စာကို ကန့်ကွက်ရှုတ်ချကြောင်း တက္ကသိုလ်အသီးသီးမှ ကျောင်းသား သမဂ္ဂများက မေလ ၃၀ ရက်နေ့က ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment