Friday, June 15, 2018

တိုင်းရင်းသားလူမျိုးစာရင်း ထုတ်ပြန်ပါက မလိုလားအပ်သည့်နောက်ဆက်တွဲဆိုးကျိုးဖြစ်မည်ကို ၀န်ကြီးဌာန စိုးရိမ်


၂၀၁၄ တွင်ကောက်ခံခဲ့သော သန်းခေါင်စာရင်းအရ တိုင်းရင်းသားလူမျိုးများစာရင်းအတိအကျရှိနေပြီဖြစ်သော်လည်း ထုတ်ပြန်ကြေညာပါက မလိုလားအပ်သည့်နောက်ဆက်တွဲဆိုးကျိုးများ ရှိမည်ကို ၀န်ကြီးဌာနဘက်က စိုးရိမ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်သည်။


ဇွန်လ ၁၃ ရက်က ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေ၏ ဘင်္ဂါလီတော်တော်များများသည် တရားမဝင်ကမန်လူမျိုးပြုလုပ်ထားသည့် လုပ်ကမန်များဖြစ်နေသည့်အတွက် အတိအကျထုတ်ပြန်ပေးရန် အစီအစဉ်ရှိမရှိမေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားဖြစ်ရေးအတွက်ကို အင်မတန်စိုးရိမ်သည့်အပြင် တာဝန်ရှိသူတစ်ယောက်အနေဖြင့်လည်း စနစ်တကျကြပ်မတ်ထိန်းသိမ်း စောင့်ရှောက်နေကြောင်း၊ အစိုးရတစ်ရပ်လုံးသည်ပင်လျှင် တိကျစွာလိုက်နာဆောင်ရွက်နေကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများသည် အတိအကျရှိနေပါပြီဖြစ်ကြောင်းနှင့် ထုတ်ပြန်ကြေညာပါက မလိုလားအပ်သည့် နောက်ဆက်တွဲအကျိုးဆက်များရှိမည်ဖြစ်ခြင်းကြောင့် ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ အထူးသဖြင့် တိုင်းရင်းသားအားလုံး ကျေကျေလည်လည်ညှိနှိုင်းဆွေးနွေး၊ လူမျိုးစုများအားလုံး ညှိနှိုင်းဆွေးနွေးပြီးမှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် မည်သည့်နေ့ရက်တွင် ထုတ်ပြန်မည်ကို ယခုအချိန်တွင် ဖြေကြားနိုင်ခြင်း မရှိကြောင်း၊ သို့သော်လည်း အမြန်ဆုံးထုတ်ပြန်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကြိုးစားလျက်ရှိကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

ယင်းအပြင် ကမန်လူမျိုးများသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်ပါဝင်သော ရခိုင်မျိုးနွယ်စုတစ်မျိုး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကမန်လူမျိုးများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရာတွင် အခြားလူမျိုးများနှင့် မှားယွင်းမှုမရှိစေရေးအတွက် မိဘဘိုးဘွားအထောက်အထားများနှင့် စနစ်တကျသေချာစွာ စစ်ဆေး၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းအချို့၏ မသမာမှုကြောင့်ဖြစ်စေ၊ ကာယကံရှင်များ၏ လိမ်လည်လျှောက်ထားမှု ကြောင့်ဖြစ်စေ၊ ကမန်လူမျိုးမဟုတ်သူများကို ကမန်လူမျိုးအဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုများ စစ်ဆေးတွေ့ရှိမည်ဆိုပါက ကတ်ပြားများပြန်လည်သိမ်းဆည်းခြင်း၊ ကာယကံရှင်များအား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခြင်းနှင့် ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာအရေးယူခြင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်မှတစ်ဆင့် အသိပေးပြောကြားသည်။ 

အေ၀ိုင်အီး(အကုန်သိသတင်းဌာန)



0 comments:

Post a Comment