Monday, June 18, 2018

အိန္ဒိယ- မြန်မာ တတိယနယ်စပ်ကုန်သွယ်ရေးစခန်း ဆောက်လုပ်ပြီးပါက နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုမြင့်တက်လာမည်ဟု ဆို


အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်းတွင်းလမ်းကြောင်းဖြင့် ကုန်သွယ်နိုင်ပြီး တတိယနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်လာမည့် ကုလားတန်မြစ်စီမံကိန်းပြီးစီးပါက နှစ်နိုင်ငံကုန်သွယ်မှုပမာဏမြင့်တက်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနရှိ ပထမအတွင်းဝန် Shweta Singh က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် လက်ရှိ၌ ရေလမ်းကြောင်းဖြင့်သာကုန်သွယ်မှုပြုလုပ်နေရသဖြင့် နှစ်နိုင်ငံအကြား တတိယမြောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်လာမည့် ကုလားတန်မြစ်စီမံကိန်းတွင် ကုန်လမ်းကြောင်းတစ်ခုပါရှိသည့်အပေါ် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ “ ကုလားတန်စီမံကိန်းကတော့ အပိုင်း ၃ ပိုင်းမှာ ကုန်းလမ်းနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဖောက်တာကအခုမှ စတာ။ ခန့်မှန်းချက်အရ နောက် ၂ နှစ်ဆိုရင် ကုလားတန်စီမံကိန်းက လမ်းကြောင်းအလုံးစုံပြီးသွားမယ့် သဘောရှိတယ်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးက အရမ်းနည်းနေတယ်။ ဒါကလည်း ဆက်ဆံရေး အားနည်းတဲ့အတွက်ကြောင့်ပဲ။ ဒီလမ်းကြီးသာ ဖောက်ပြီးသွားရင် အားနည်းနေတဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံစီးပွားရေးကို အများကြီးအထောက်အပံ့ပေးပါမယ်။ ဒီလမ်းက ဘယ်လောက်အရေးကြီးလဲဆိုရင် နှစ်နိုင်ငံရဲ့ ကုန်သွယ်မှုအမြောက်အမြား ဖြစ်လာမယ်။ ချင်းပြည်နယ်တို့၊ စစ်ကိုင်းတို့ အဲဒီဒေသက ကုန်ပစ္စည်းတွေကို အိန္ဒိယကို ပို့ချင်ရင် ရေလမ်းကြောင်းကပဲ ကုန်သွယ်နေရတယ်။ အဲဒီလမ်းသာပြီးသွားရင် ရေလမ်းခရီးကို ဖြတ်သန်းစရာမလိုတော့ဘူး။ ကုန်းလမ်းကြောင်းက သွားလို့ရပြီ ” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနရှိ ပထမအတွင်းဝန် Shweta Singh က ပြောသည်။

အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ သုံးနိုင်ငံပူးပေါင်းဖော်ဆောင်ထားသည့် စီးပွားရေးစင်္ကြန်လမ်း စီမံကိန်းတစ်ခုဖြစ်သည့် ကုလားတန်စီမံကိန်းတွင် ဆိပ်ကမ်း၊ ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများ ပါဝင်ပြီး ဆိပ်ကမ်းမှာ ဆောက်လုပ်ပြီးစီးလုပ်နီးပါးဖြစ်ကာ ရေလမ်းကြောင်းမှာ ဆောက်လုပ်ဆဲနှင့် ကုန်းလမ်းကြောင်းမှာ ယခုစတင်ဆောက်လုပ်နေကြောင်း သိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံနှစ်နိုင်ငံအကြား တရားဝင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုရှိပြီး အဆိုပါလမ်းကြောင်းသည် တတိယမြောက်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမည်ဟု သိရသည်။ ယင်းလမ်းကြောင်း ဆောက်လုပ်ပြီးဆီးပါက မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ၊ ထုတ်ကုန်ပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ အမြောက်အမြားတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)


0 comments:

Post a Comment