Monday, June 18, 2018

မရွှေရည်ဝင်းသေဆုံးမှုမှ တက္ကစီယာဉ်မောင်းအား ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ကျခံစေနိုင်သည့် လူသတ်မှုဖြင့်သာ အပြီးသတ်အမိန့်ချမှတ်သွားမည်


FDA ဝန်ထမ်း မရွှေရည်ဝင်း(ခ)ရွှေရည်သေဆုံးမှုနှင့် ပတ်သက်၍ တက္ကစီယာဉ်မောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနားအား လူသတ်မှုပုဒ်မ-၃၀၂(၁) ဂ ဖြင့်သာ တရားစွဲတင်ရန်လုံလောက်သည့်အတွက် လာမည့် ဇွန်လ ၂၂ ရက်တွင် ယင်းပုဒ်မ-၃၀၂ ဖြင့်သာ အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တရားရုံးတွင် ဇွန်လ ၁၅ ရက်က FDA ဝန်ထမ်း မရွှေရည်ဝင်း(ခ) ရွှေရည် သေဆုံးမှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲကြားနာမှုအပြီးတွင် အဓမ္မပြုကျင့်သည့် လက္ခဏာ မတွေ့ရှိရသည့်အပြင် စစ်ဆေးချက်အားလုံးသုံးသပ်ချက်အရ လူသတ်မှု-၃၀၂(၁) ဂ ဖြင့်သာ စွဲချက်တင် အမိန့်ချရန် လာမည့် ဇွန်လ ၂၂ ရက်သို့ ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။ 

“ ဒီနေ့အပြီးသတ်လျှောက်လွှာတင်သွင်းတဲ့အခါမှာ ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုအပါအဝင် သက်သေတွေ အားလုံးကို စစ်ဆေးခဲ့တဲ့အခါမှာ မျက်မြင်သက်သေဘယ်သူမှမရှိတဲ့အပြင် အားလုံးက ပတ်ဝန်းကျင်ရဲ့ ပြောဆို ထင်မြင်ချက်တွေနဲ့တည်ဆောက်ထားတဲ့အတွက် လူသတ်မှုနဲ့ပဲအမိန့်ချမှတ်ဖို့တင်ပြခဲ့တယ်။ ဒါပေမဲ့ ဒီလူသတ်မှုပုဒ်မ-၃၀၂(၁) ဂ ကအနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိချမှတ်လို့ရတဲ့ ပြစ်ဒဏ် ဖြစ်နေတယ်။ 

အဲဒါကိုလည်းကျွန်တော့်ဘက်က သေဒဏ်အထိချရန်မသင့်တဲ့အကြောင်းဆိုပြီး တင်ပြခဲ့တယ်။ ဘာလို့လဲဆိုတော့ လူသတ်တယ်ဆိုတာကမှန်ပေမဲ့ ရည်ရွယ်ချက်မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ဒေါသအလျောက်ခိုက်ရန်ဖြစ်ပွားတာဖြစ်တယ်။ တမင်တကာကြံစည်ပြီး ရည်ရွယ်ချက်ရှိရှိသတ်တယ်ဆိုတဲ့ သက်သေအထောက်အထားလည်း မတွေ့ရတဲ့အတွက် သေဒဏ်အထိမသင့်တဲ့အကြောင်း တင်ပြခဲ့ပါတယ်” ဟု တရားခံဘက်မှ အမှုလိုက်ရှေ့နေဦးမောင်မောင်စိုးက ပြောသည်။

၎င်းအနေဖြင့် တရားရုံးသို့ လျှောက်လဲချက်တင်သွင်းရာတွင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က လုပ်ကြံခြင်း ခံခဲ့ရသည့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းပါအာဇာနည် ၉ ဦးကို လုပ်ကြံခဲ့မှုတွင် ထိုအမှုမှတရားခံအဖြစ်ပါဝင်သည့် ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့ ၃ ဦးကို သေဒဏ်မပေးခဲ့သည့် သာဓကကို ဥပမာပေး၍ ထောက်ပြခဲ့ကြောင်း သိရသည်။

သို့သော် အမှုနှင့်ပတ်သက်၍ အမှုလိုက်တရားလွှတ်တော်ရှေ့နေ ဒေါ်ငြိမ်းငြိမ်းအေးဘက်မှ တရားခံမျိုးဇော်ဦးမှာ သေဆုံးသူမရွှေရည်ဝင်းကို အဓမ္မပြုကျင့်သည်ဆိုသည့်သက်သေအထောက်အထားမရှိသော်လည်း သေဆုံးသူ၏ အမျိုးသမီးအင်္ဂါ၌ထိုးသွင်းဒဏ်ရာတွေ့ရှိရခြင်းနှင့် လူသတ်မှုအပြင် လုယက်မှုမှာ ထင်ရှားသည့် အတွက် လူသတ်မှုပုဒ်မ-၃၀၂(၁) ဂ အရအမြင့်ဆုံးပြစ်ဒဏ်ချမှတ်ပေးရန် အဆိုတင်သွင်းခဲ့သည်။

မျိုးဇော်ဦး(ခ) ဆီဒိုးနားအား ယခင်က နာကျင်စေမှု ၃၉၄ ၊ ဓမ္မတာနှင့်ဆန့်ကျင်သောပြစ်မှု ၃၇၇ ၊ အဓမ္မပြုကျင့်မှု ၃၇၆ ၊ လူသတ်မှု ၃၀၂ စုစုပေါင်း ပုဒ်မ ၄ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ဒါးဇ(အကုန်သိသတင်းဌာန)

0 comments:

Post a Comment