Monday, June 11, 2018

ရန်ကုန်-စစ်တွေကားလမ်း နေရာ ၃ ခု ရေကြီး၍ လမ်းပိတ်


ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-စစ်တွေ ကားလမ်း နေရာ ၃ ခု ရေကြီး၍ လမ်းပိတ်ကာ အဆက်အသွယ်ခက်ခဲနေကြောင်း စစ်တွေဒေသခံများထံမှ သိရသည်။

ဇွန်လ ၉ ရက်မှစ၍ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမ်းမြို့နယ် ရွာသာယာ၊ မောင်းလမောက်၊ ရွှေကြား စသည့်ကျေးရွာတွင် လမ်းပိတ်နေပြီး ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အခြားယာဉ်များ ပိတ်ဆို့မှုများဖြစ်နေကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။

ဇွန်လ ၉ ရက်မှစ၍ အမ်းမြို့နယ် ရွာသာယာ၊ မောင်းလမောက်၊ ရွှေကြား စသည့်ကျေးရွာများရှိ စစ်တွေ-မင်းဘူး ကားလမ်းပေါ်တွင် ရေ ၃ ပေခန့်တက်ခြင်းတို့ကြောင့် ရန်ကုန်-စစ်တွေ၊ စစ်တွေ- မန္တလေး၊ စစ်တွေ- အမ်း-တောင်ကုတ်-ကျောက်ဖြူ-သံတွဲ စသည့် ခရီသည်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အခြားယာဉ်များ ပိတ်ဆို့မှုများဖြစ်နေကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။ 

“မနေ့က ညနေပိုင်းအချိန်လောက်ကစလို့ ကားလမ်းတွေကို ရပ်ထားရတယ်။ မိုးကြီးလို့ ရေအတက်များလာရင် ကားတွေ ခဏရပ်ထားတယ်၊ မိုးနည်းသွားလို့ ၂ နာရီလောက်ကြာရင် ရေနည်းနည်းကျသွားရင်တော့ ကားတွေသွားလို့ရတယ်”ဟု ၎င်းက ရှင်းပြသည်။ 

အလားတူ ကျောက်ဖြူ-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် ၂၂/၅၆ တွင် ဇွန်လ ၁၀ ရက် ည ၉ နာရီက တောင်ကျရေတိုက်စားမှုကြောင့် ပေ ၁၀၀ ကျော်ခန့် ပြတ်ထွက်သွားကြောင်း ၎င်းထံမှ သိရသည်။ 

ယင်းလမ်းပိုင်းပျက်စီးမှုကြောင့် ခရီးသည်ယာဉ် ၆ စီးခန့် ပိတ်ဆို့နေပြီး လမ်းခုလတ်တွင် ရောက်နေသော ခရီးသည်များကို ဖိုင်ဘာလှေဖြင့် ကမ်းတစ်ဖက်စီ ပို့ဆောင်ပေးပြီး သက်ဆိုင်ရာ ယာဉ်လိုင်းများက ခရီးသည်များကို ကားများဖြင့် ချိတ်ဆက်ကာ ဆက်လက်ပို့ဆောင်ပေးနေကြောင်း စစ်တွေ-သံတွဲ ပြေးဆွဲသည့် ရခိုင်အားမာန်ယာဉ်လိုင်းမှ ဂိတ်မှူး ဦးကျော်ဌေးဝင်းက ပြောသည်။ 

“ကျွန်တော်တို့မှာတော့ မနေ့ကထိ ထွက်သေးတယ်၊ အခုက လမ်းတွေပျက်နေတော့ ယာဉ်လိုင်းပိတ်ဖို့ဘက်က များနေတာပေါ့၊ ကားလက်မှတ်တွေ ရောင်းမရောင်း ပြောလို့မရသေးဘူး”ဟု ၎င်းက ပြောသည်။

အမ်း-မအီကြား၌ လမ်းပြတ်တောက်နေ၍ စစ်တွေမှလာသော ခရီးသည်များကို သံတွဲမြို့ဘက်သို့ ကားချိန်းကာ ခေါ်ဆောင်ရန်သွားရာ ဇွန်လ ၁၁ ရက်မွန်းတည့်ချိန်က တောင်ကုတ်မြို့နယ်ရှိ ဇီးကွေ့တံတား ပျက်စီးခြင်းကြောင့် ကားရပ်တန့်နေရကြောင်း ၎င်းက ရှင်းပြသည်။

“တံတားပျက်သွားတာတော့ မဟုတ်ပါဘူး။ မိုးအရမ်းရွာတော့ ကားလမ်းပေါ့၊ ပေ ၂၀ လောက် မြေနိမ့်ဆင်းသွားလို့ လမ်းကျွံတာတွေဖြစ်နေတာ။ ညနေ ၃ နာရီလောက်ကတော့ အဲဒီလမ်း ပေါက်တဲ့နေရာတွေ ယာယီလမ်းဖာပြီးတော့ သွားနေကြတယ်”ဟု တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးက ပြောဆိုသည်။

လက်ရှိအချိန်၌ စစ်တွေ-ရန်ကုန်၊ စစ်တွေ-မန္တလေး စသည့် ယာဉ်လိုင်းများအတွက် ကားလက်မှတ်များကို ရောင်းချထားကြောင်း ၊ ကားလမ်းပိတ်ဆို့နေသော အခြေအနေအပေါ်မူတည်၍ ယာဉ်လိုင်းများကို ပိတ်သွားမည်ဖြစ်ကြောင်း၊ ဇွန်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်မှ ပြည်ဘက်ဘက်သို့ ကား ၁၀ စီးကျော် ထွက်ခွာသွားကြောင်း ရခိုင်ပြည်နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ သိရသည်။

“ဒီလို (ရေကြီးလို့ လမ်းပိတ်မှု) ကလည်း နှစ်တိုင်းဖြစ်နေတာကြောင့် ခရီးသည်တွေ လမ်းပိတ်တယ်ဆိုရင် နီးစပ်ရာ ထမင်းဆိုင်တွေမှာ ထားတယ်။ ထမင်းဆိုင်တွေနဲ့ ဝေးတယ်ဆိုတော့ အဆင်ပြေတဲ့ နေရာတွေ၊ အနီးအနားက ရွာတွေမှာဖြစ်ဖြစ် အဆင်ပြေအောင်တော့ တတ်နိုင်သလောက် လုပ်ပေးရတယ်”ဟု အဆိုပါကော်မတီမှ ဥက္ကဋ္ဌ ဦးချမ်းအေးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ပြည်မသို့ နွေရာသီအချိန်၌ တစ်နေ့လျှင် ခရီးသည်ယာဉ် ၃၀ ခန့် ထွက်ခွာသော်လည်း မိုးရာသီ၌ တစ်နေ့လျှင် ကား ၂၀ စီးကျော်သာ ထွက်ခွာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

အမ်းမြို့နယ်အတွင်း၌ ကားလမ်းများ ပိတ်ဆို့မှုဖြစ်ပေါ်နေသော်လည်း ခရီးသည်များမှာ လေယာဉ်ဖြင့် ပိုမိုသွားလာမှုတက်မလာဘဲ ပုံမှန်သာရှိကြောင်း၊ လတ်တလောတွင် လေကြောင်းလိုင်းများမှာ ရာသီဥတုအခြေအနေကြောင့် ရပ်တန့်ခြင်း မရှိသော်လည်း ရာသီဥတု အခြေအနေပေါ်မူတည်၍ အချိန်အနည်းငယ် ကြန့်ကြာမှုများရှိကြောင်း တော်ဝင်သဇင် လေယာဉ်လက်မှတ်အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းလျှင် မြို့နယ်များတွင် ရေကြီးမှုများ ဖြစ်ပေါ်တတ်ပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားမြို့နယ်ရှိ စစ်တွေ-ရန်ကုန် ကားလမ်းပေါ် ရေကျော်တက်ခြင်းများဖြစ်ကာ လမ်းပျက်စီးမှုကြောင့် ကားပိတ်ဆို့မှုများ ဖြစ်ပေါ်သည်။ 

The Voice

0 comments:

Post a Comment