Monday, June 11, 2018

ဖဆပလဌာနချုပ်နေရာကို ဂျာမန်ယဉ်ကျေးမှုဌာနအဖြစ်ဖွင့်လှစ်


မြန်မာ-ဂျာမနီ ယဉ်ကျေးမှုပူးပေါင်း ဖလှယ်ရေးအစီအစဉ်အရ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ယခင် ဖဆပလအဖွဲ့ဌာနချုပ်နေရာကို ဂျာမန်ယဉ်ကျေးမှုဌာနအဖြစ် Goethe Institut Myanmar  က ဇွန်လ ၁၁ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယင်းဌာနတွင် ဂျာမန်ဘာသာစကား သင်တန်းများနှင့် ဂျာမန်စာကြည့်တိုက်ဖွင့်လှစ်ကာ ပညာရေးရပ်ဝန်းအဖြစ်ဦးတည်မည်ဖြစ်ပြီး လူငယ်များအတွက် ပညာရေး၊ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာများ ဖလှယ်နိုင်မည်ဖြစ်သည်။

ထိုနေရာကို ယခင်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖဆပလအဖွဲ့ချုပ်ကြီး၏ ဌာနချုပ်နေရာအဖြစ် ကြေညာခဲ့သည်။ ယခုအခါ အစိုးရထံမှ တစ်လလျှင် အမေရိကန် ဒေါ်လာ ၄၀၀၀ နှုန်းဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နှစ် ၃၀ ကြာ ငှားရမ်းခြင်းဖြစ်သည်။

Goethe Institut Myanmar ဒါရိုက်တာ Franz Xaver Augustin က “မြန်မာပြည်ဘက်က ဈေးချိုချိုနဲ့ ငှားပေးပါတယ်။ အဆောက်အအုံပြင်ဖို့၊ အသစ်ဆောက်ဖို့ ကျွန်တော်တို့ဘက်က ငွေကြေးရင်းနှီးတာပေါ့”ဟု ပြောကြားသည်။

၎င်းတို့အနေနှင့် ဖဆပလဌာနချုပ် အဆောက်အအုံကို ဂျာမန်ဗိသုကာပညာရှင်များဖြင့် ပြန်လည်ပြင်ဆင်ခဲ့ပြီး ယင်းနေရာဘေးတွင် အဆောက်အအုံသစ်တစ်ခုကို ထပ်မံတည်ဆောက်ထားသည်။

ဖဆပလနေရာအကြောင်းကို သုတေသနပြုလေ့လာခဲ့သော်လည်း မူလတည်ဆောက်ခဲ့သူသည် ဥရောပသားတစ်ဦးဖြစ်သည်ဟုသာ သိရှိရပြီး မူလပိုင်ရှင်ကိုမူ မသိရှိရကြောင်း Franz Xaver Augustin က ပြောဆိုသည်။

ထိုနေရာရှိ ဖဆပလအဖွဲ့ချုပ် အဆောက်အအုံကို ၁၉၂၀ ပြည့်နှစ်အလွန်တွင် တရုတ်ကုန်သည်တစ်ဦး၏ ပုဂ္ဂလိက စံအိမ်အဖြစ်လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ဖဆပလအဖွဲ့ချုပ်ရုံးခန်းအဖြစ်လည်းကောင်း အသုံးပြုခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးချိန်တွင် အစိုးရအနုပညာအထက်တန်းကျောင်းအဖြစ် ခေတ်အဆက်ဆက် အသုံးပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးစာချုပ်အရ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျာမန်ယဉ်ကျေးမှုဌာနအဖြစ် အသုံးပြုခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း Goethe Institut Myanmar ထံမှ သိရှိရသည်။

Goethe Institut သည် လွတ်လပ်သော ဂျာမန်ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုဖြစ်ကာ ကမ္ဘာ့နိုင်ငံများတွင် အဖွဲ့အစည်းပေါင်း ၁၆၀ ကျော်ရှိပြီး ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးထားခြင်းဖြစ်သည်။

ဂျာမန်ယဉ်ကျေးမှုဌာနဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် ကျင်းပခဲ့ပြီး အဆောက်အအုံနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၁ ရက်နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

The Voice

0 comments:

Post a Comment