Friday, June 15, 2018

နယ်စပ်ရောက် ဝန်ထမ်းများ လုပ်သက်တနှစ်ပြည့်ပါက ပြောင်းရွှေ့ခွင့် လျှောက်နိုင်


ဝေးလံသီခေါင်တဲ့ နယ်စပ်ဒေသတွေမှာ သွားရောက်တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ ဝန်ထမ်းတွေအနေနဲ့ လုပ်သက် တနှစ်ပြည့်ရင် ပြောင်းရွှေ့ခွင့် လျှောက်ထားနိုင်တယ်လို့ ပြည်ထောင်စု ရာထူးဝင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက ပြောပါတယ်။


ဇွန်လ ၁၅ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ်မဲဆန္ဒနယ်က ဦးစိုင်းစံအောင်ရဲ့ နယ်စပ်ဒေသနဲ့ နယ်စွန်နယ်ဖျားဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ အပြောင်းအရွှေ့ကိစ္စတွေ၊ ရာထူးတိုးကိစ္စတွေကို ဦးစားပေး စိစစ်ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဖြေကြားခဲ့တာပါ။

နယ်စပ်ဒေသတွေနဲ့ နယ်စွန်နယ်ဖျားတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံဝန်ထမ်းတွေအတွက် ပြောင်းရွှေ့ရေးမူဝါဒကို အများဆုံး ၂ နှစ်၊ အနည်းဆုံး ၁ နှစ် သတ်မှတ်ပြီး ဆောင်ရွက်ပေးနေတယ်၊ မိသားစု အခက်အခဲ၊ လူမှုရေးအခက်အခဲကြောင့် ပြောင်းရွှေ့ခွင့် လျှောက်ထားလာရင်လည်း ပြောင်းရွှေ့လိုတဲ့ ဒေသမှာ နေရာလစ်လပ်မှုမရှိရင် အနီးစပ်ဆုံး ဒေသမှာ ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက “တနှစ်လို့ မူတရပ် သတ်မှတ်ပြီး ဆောင်ရွက်ပေးနေပေမယ့် ကျန်းမာရေး၊ လူမှုရေး အခက်အခဲ အမှန်တကယ်ဖြစ်ပေါ်လာရင် စိစစ်ပြီးမူကို လျှောပေါ့စဉ်းစားပေးနေပါတယ်။ အဲဒီဒေသမှာ တနှစ်ပြည့်ရင် ပြောင်းရွှေ့ခွင့် လျှောက်ထားတင်ပြနိုင်ပြီး တာဝန်ထမ်းကာလ တူညီနေရင် နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်သူတွေကို ဦးစားပေးပြောင်းရွှေ့တဲ့မူနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ထမ်းဆောင်မှု အရည်အချင်းတွေအပေါ် မူတည်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ ရာထူးတိုးပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။


DVB

0 comments:

Post a Comment