Monday, June 4, 2018

စီမံကိန်းလေးခုကို တင်ဒါမခေါ်ဘဲ ပေးခဲ့ဟု လွှတ်တော်အမတ် ဝေဖန် တင်ဒါရခဲ့သော ပြည်တွင်းကုမ္ပဏီမှာ ဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ ဇနီးလုပ်နေသော ကုမ္ပဏီဟုသိရကြောင်း ပြည်ခိုင်ဖြိုးအမတ်ပြော


မဂ္ဂါဝပ် ၃,၀၀၀ ထုတ်လုပ်မည့် LNG လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းလေးခုကို တင်ဒါမခေါ်ဘဲပေးခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ဇနီးနှင့်နီးစပ်သည့်ကုမ္ပဏီ ပါဝင်ကြောင်း ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်က ဝေဖန်သည်။

ကန်ဒေါ်လာငါးဘီလီယံတန်ဖိုးရှိ ယင်းစီမံကိန်းများကို ခွင့်ပြုရာတွင် တင်ဒါမခေါ်ဘဲ လက်သင့်ရာစားတော်ခေါ်ခြင်းဖြစ်ကြောင်း မင်းကင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောသည်။

 ‘‘အခု ကုမ္ပဏီတွေထဲမှာလည်း Supreme Trading Co.Ltd က ပရောဂျက်နှစ်ခုကို ပါဝင်ပတ်သက်ပါတယ်။ ပြင်ပလောကမှာ အဲဒီကုမ္ပဏီနှစ်ခုဟာ အငြိမ်းစားယူသွားတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းရဲ့ဇနီးက လုပ်နေတယ်လို့ သိရပါတယ်။ တစ်ခါ အဲဒီ Supreme ကုမ္ပဏီဟာ ၀န်ကြီး (ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်) ပိုင်ဆိုင်တဲ့ UE Myanmar နဲ့ ပူးပေါင်းထားတယ်။ နောက်ကွယ်မှာ ရှိတယ်ဆိုတာ ပြောနေတာတွေ နားနဲ့မဆံ့အောင် ကျွန်တော် ကြားနေရတယ်။ မစွပ်စွဲဘူး။ ကျွန်တော် ကြားတာကို ပြောတာဖြစ်ပါတယ်’’ဟု ဦးသိန်းစိန် အစိုးရလက်ထက်တွင် စက်မှုဝန်ကြီးဟောင်း ဖြစ်သော ဦးမောင်မြင့်က ဆိုသည်။

LNG မှ ထုတ်ယူထားသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၁၀ ဆင့်ခန့် ရှိနိုင်၍ တစ်ယူနစ်လျှင် ကျပ် ၁၅၀ ကျော်ကုန်ကျမည်ဖြစ်ကြောင်း ဦးမောင်မြင့်ကပြောသည်။

ဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်စီမံကိန်းများသည် ယခင်အစိုးရအဆက်ဆက် လုပ်သင့်သည်ကိုမလုပ်ခဲ့၍ ယခုအစိုးရက ခေါင်းခံလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။ လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများတွင် ဝန်ကြီးဟောင်းဇနီး ပါဝင်မှုနှင့် ဦးဝင်းခိုင်၏ကုမ္ပဏီ ပါဝင်ပတ်သက်သည်ဟု ဦးမောင်မြင့်၏ ပြောကြားချက်အပေါ် ဦးဝင်းခိုင်က ထည့်သွင်းဖြေကြားခြင်းမရှိပေ။

စူပရင်းကုမ္ပဏီသို့ 7Day Daily သတင်းစာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကုမ္ပဏီ၏ အုပ်ချုပ်ရေးဌာနက အဆိုပါကိစ္စရပ်ကို မှတ်ချက်ပေးရန် ငြင်းဆန်ပြီး ဖြေကြားနိုင်မည့်သူ မရှိကြောင်းသာဆိုသည်။

LNG စီမံကိန်းလေးခုကို ပုဂ္ဂ လိကနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် စီးပွားရေးကော်မတီ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးဝင်းခိုင်ကပြောသည်။ ထို့ပြင် လျှပ်စစ်ဥပဒေပါ ပြဋ္ဌာန်းချက်အရ  လုပ်ငန်းစတင်နိုင်ရန် ခွင့်ပြုခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။ စီမံကိန်းလုပ်ကိုင်ရန် အဆိုပြုလွှာ ၂၅ စောင်တင်ပြပြီး ယင်းတို့အနက်မှ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ထိုစီမံကိန်းအတွက် အစိုးရက ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမည် မဟုတ်ကြောင်း ဦးဝင်းခိုင်က ပြောသည်။

လက်ရှိတွင် စီမံကိန်းများကို လုပ်ငန်းစတင်နိုင်ရန် လေ့လာမှု ပြုလုပ်နိုင်ရန်သာ NTP (လုပ်ငန်းစတင်နိုင်ကြောင်း အကြောင်းကြားလွှာ)ပေးထားပြီး ဈေးနှုန်းအရ ညှိနှိုင်းခြင်းမပြုသေးကြောင်းနှင့် ဈေးနှုန်းလည်း ဝန်ကြီးဌာနက ပေးနိုင်သည့် ဈေးနှုန်းအတိုင်းသာ ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း ဝန်ကြီးကဆိုသည်။

ဦးမောင်မြင့်၏ ဆက်စပ်မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၏ ပြန်လည်ဖြေကြားမှု အပြီးတွင် ပြည်သူ့လွှတ်တော်အတွင်းရှိ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီကိုယ်စားလှယ်အများ စုက လက်ခုပ်တီး ထောက်ခံခဲ့ သည်။

မင်းကင်းအမတ် ဦးမောင်မြင့်သည် ဆက်စပ်မေးခွန်းမေးမြန်းစဉ် ကိုင်ထားသည့်စာရွက်ကို   လက်ဖြင့်ရိုက်၍ပြောဆိုသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးမောင်မြင့်ကို ရည်ညွှန်း၍ ‘‘လွှတ်တော်ကိုယ်စား လှယ်များဟာဆိုရင် မိမိရဲ့ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ပြုမူပြောဆိုရမှာဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ကိုယ်၊ နှုတ် အမူအရာတွေကို ရှောင်ရှားဖို့ သတိပေးလိုပါတယ်’’ ဟု သတိပေးပြောကြားသည်။

မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ် အားသုံးစွဲမှုသည် တစ်နိုင်ငံလုံးတွင် မဂ္ဂါဝပ် ၃၃၆၀ ရှိပြီး နောက် သုံးနှစ်တွင် အနည်းဆုံးလျှပ်စစ် မဂ္ဂါဝပ် ၃၀၀၀ ကျော် လိုအပ်မည် ဖြစ်သည်။ လက်ရှိတွင် ရေအား လျှပ်စစ်ကို ၆၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့မှ ၄၀ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲနေခြင်းဖြစ် သည်။

ယခင်အစိုးရလက်ထက်တွင် ရေအားလျှပ်စစ်ထုတ်ယူရန် ကုမ္ပဏီများနှင့် သဘောတူစာချုပ် ပေါင်း ၃၀ ချုပ်ထားပြီး မဂ္ဂါဝပ် ၄၁၀၀၀ ထုတ်ယူရန် ရှိသော်လည်း လက်တွေ့၌ စာရွက်ပေါ်တွင်သာရှိကြောင်း ဝန်ကြီးက ပြောသည်။ ထိုရေအားလျှပ်စစ် စီမံကိန်းတစ်ခု အကောင်အထည် ဖော်မည်ဆိုပါက အနည်းဆုံး ခုနစ်နှစ်မှ ရှစ်နှစ်ကြား အချိန်ကြာမြင့် ကြောင်း၊ ပြည်တွင်းဓာတ်ငွေ့ ထုတ်လုပ်မှုတွင် သဘာဝဓာတ် ငွေ့ယူနစ် သန်း ၄၀၀ ကျော် အသုံးပြု၍ ၁၄၉၆ မဂ္ဂါဝပ် ထုတ်ယူနေရကြောင်း ဦးဝင်းခိုင်က ပြောသည်။

သို့သော် ၂၀၂၁ က စတင်ပြီး ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်း လာမည်ဖြစ်ကြောင်း၊ ကမ်းလွန် ပင်လယ်ပြင်တွင် ဓာတ်ငွေ့ထပ်မံ ထုတ်လုပ်မှုများလည်း အနည်းဆုံး ခြောက်နှစ်ကြာမြင့်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် လက်ရှိ LNG သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ် ထုတ်ယူခြင်းသည်  ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း ၎င်းကပြော သည်။

‘‘ယခင်နှစ်ပေါင်းများစွာက လုပ်သင့်လုပ်ထိုက်တာကို မလုပ် ခဲ့လို့ ကျွန်တော်တို့အစိုးရလက် ထက်မှာ မဂ္ဂါဝပ် ၃၀၀၀ ကြီးလာ ပြီး လုပ်ရတဲ့ အခြေအနေရောက် နေလို့ပါ။ လျှပ်စစ်နဲ့စွမ်းအင်ဝန် ကြီးတစ်ယောက်အနေနဲ့ နောက် သုံးနှစ်မှာ ကိုယ့်တိုင်းပြည်မှာ ဓာတ်ငွေ့တွေ ကုန်တော့မှာကို ဘာမှမလှုပ်ရှားဘဲ နေလို့မရပါ ဘူး’’ဟု ဦးဝင်းခိုင်ကပြောသည်။

ထို့အပြင် ယခုစီမံကိန်းလေးခုသည် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိကမှ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံလိုသည်ဟု အဆိုပြုလာသည့် စီမံကိန်းများဖြစ်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပါက တစ်နှစ်လျှင် မဂ္ဂါဝပ် ၁၀၀ ဝန်းကျင်သာရရှိအောင် ဆောင်ရွက်နိုင်သည့် အခြေအနေဖြစ်ကြောင်းလည်း ဦးဝင်းခိုင်က ရှင်းပြသည်။

7Day


0 comments:

Post a Comment