Monday, June 4, 2018

ဂန္ဒီခန်းမရှိရာ အဆောက်အအုံကို ရှေးဟောင်းလက်ရာ အဆောက်အအုံအဖြစ် အစိုးရသတ်မှတ်


နှစ်တစ်ရာကျော်သက်တမ်းရှိပြီဖြစ်သော ဂန္ဒီခန်းမရှိရာ အဆောက်အအုံကို ရှေးဟောင်းလက်ရာအဆောက်အအုံအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဇွန်လ ၃ ရက်က သတ်မှတ်ကြေညာလိုက်ကြောင်း အဆိုပါကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ အမှတ် ၄၈၆ ရှိ မဟတ္တမဂန္ဒီခန်းမရှိရာ ၃ ထပ်တိုက် အဆောက်အအုံကို ပုံစံပြောင်းလဲသတ်မှတ်ခြင်း၊ အသစ်ပြောင်းလဲဆောက်လုပ်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအဆောက်အအုံကို အိန္ဒိယက အဖွဲ့အစည်းတစ်ခုကပိုင်ဆိုင်ပြီး ယင်းအဆောက်အအုံကို ယခင်က ပြင်ဆင်ဆောက်လုပ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

“ဒီဂန္ဒီခန်းမကို ၂၀၁၇ ထဲက တစ်ဖွဲ့က အသစ်ပြန်ဆောက်ချင်တယ်။ တစ်ဖွဲ့က ရှေးဟောင်းမူလလက်ရာမပျက် ပြင်ချင်လို့ စာတင်ထားလို့သိရတယ်”ဟု ကျောက်တံတား မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံကဆိုသည်။

အဆောက်အအုံခိုင်ခံ့မှုမရှိ၍ ပြင်ဆင်လိုပါက အဆောက်အအုံ၏ ပြင်ပ အစိတ်အပိုင်းများကို မူလပုံစံမပျက် ပြင်ဆင်ခွင့်ပြုမည်ဖြစ်ပြီး အတွင်းပိုင်းကိုမူ ခိုင်ခံ့မှုရှိစေရေးအတွက် အားဖြည့်မွမ်းမံ ပြင်ဆင်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

အဆောက်အအုံပြင်ဆင်ခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သက်ဆိုင်ရာ ပညာရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်စိစစ်ခွင့်ပြုမှ ဆောင်ရွက်ရရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

၁၉၀၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သော ယင်းသုံးထပ် အဆောက်အအုံကို ၁၉၅၁ ခုနှစ်တွင် ဂန္ဒီအောက်မေ့ဖွယ် အမှတ်တရအဖြစ် ဦးနုနှင့် အိန္ဒိယသံမှူး M. A. Rauf တို့မှဝယ်ယူခဲ့ကာ ဂန္ဒီခန်းမ (Gandhi Hall သို့ Mahatma Gandhi Memorial Trust ) အဖြစ် သတ်မှတ်ခဲ့သည်။

ယင်းအဆောက်အအုံသည် မြန်မာနိုင်ငံရေး လှုပ်ရှားမှုသမိုင်းတွင် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များစုဝေးရာ နေရာဖြစ်သည့်အပြင် ၁၉၉၀ ဇူလိုင်လတွင် ဂန္ဒီသဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

The Voice

0 comments:

Post a Comment