Wednesday, June 6, 2018

ပုဂံဒေသခံများ လက်မှတ်ထိုး တောင်းဆိုထားသည့် အချက် (၅) ချက်အား (၂) နှစ်ပြည့်သည်အထိ သက်ဆိုင်ရာမှ ဖြေရှင်းဆောင်ရွက်မှုမရှိသေး


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဒေသခံများ လက်မှတ်ထိုး တောင်းဆိုထားသည့် အချက် (၅) ချက်အား (၂) နှစ်ပြည့်သည်အထိ သက်ဆိုင်ရာမှ ဖြေရှင်းဆောင်ရွက်မှုမရှိသေးကြောင်း ဇွန်လ ၇ ရက်နေ့က အောင်ချမ်းသာရှစ်မျက်နှာဘုရား ဓမ္မာရုံတွင် ယင်းဒေသခံများကသတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည် ။

ပုဂံဒေသခံများတောင်းဆိုထားသည့် အချက် (၅) ချက်မှာ (၁) ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ဥပဒေနှင့် မညီညွှတ်သော ခေတ်သစ်ကအဆောက်အဦးများနှင့် ခြံခတ်သိမ်းပိုက်ထားသော မြေနေရာများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး (၂) တားဆီးပိတ်ပင်ခံထားရသော ဒေသခံများ၏ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းများ အလုံးစုံအား ဥပဒေနှင့်အညီ အမြန်ဆုံးလမ်းဖွင့်ဆောင်ရွက်ပေးရေး (၃) ဒေသတွင်း ရှေးဟောင်းအမွေအနှစ်များ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကျွမ်းကျင်ပညာရှင်များအား ဦးဆောင်စေ၍ ဒေသခံများနှင့် သက်ဆိုင်ရာ NGO အဖွဲ့အစည်းများအား ပွင့်လင်းမြင်သာစွာ တင်ပြသိရှိခွင့်ရရှိရေး (၄) ဒေသတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ကျူးကျော်သိမ်းဆည်းခံမြေနေရာများအား (အများပိုင်မြေ၊ အများပိုင်လမ်းနယ် လယ်ယာမြေများအား) ဥပဒေနှင့်အညီ ပြန်လည်စစ်ဆောင်ရွက်ပေးရေး (၅) ဧရာဝတီမြစ်ကမ်းတစ်လျှောက် တာဖို့ဘောင်ခတ်ထားသော နေရာများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး စသည်တို့ဖြစ်သည် ။

"ကျွန်တော်တို့တောင်းဆိုထားတာတွေကို သက်ဆိုင်ရာ အစိုးရကလည်း ဘာမှလုပ်မပေးဘူး ။ ဥပဒေမဲ့ လုပ်နေတာတွေကို ခွင့်ပြုထားတယ် ။ ကျွန်တော်တို့တောင်းဆိုထားတာက ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေ မပျောက်ပျက်ဖို့နဲ့ ဒေသခံတွေ လူနေမှုဘဝ အဆင့်မြင့်ဖို့အတွက်ဖြစ်တယ် " ဟု Save Bagan အင်အားစု မှ ဦးမြင့်ဇော် က ပြောသည်။

ပုဂံဒေသခံများ၏ တောင်းဆိုချက် (၅) ချက်အား Save Bagan အင်အားစုမှ ဦးဆောင်၍ လက်မှတ်ထိုးများကောက်ခံခဲ့ပြီး ဒေသခံပြည်သူများ၏ လက်မှတ်ထိုး (၈၀၀၀) ကျော်ဖြင့် ၂၀၁၆ ခုနှစ် ဇွန်လ ထဲက နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ဌာနဆိုင်ရာ (၁၅) ခုကို စာတင်ခဲ့ခြင်းဖြစ်သည်။

"ပုဂံမှာ ဒေသခံတွေ မဖြစ်စလောက်လုပ်တဲ့ဟာကိုကျတော့ ဟိုဟာဖျက် ဒီဟာဖျက် အရေးယူ နဲ့ ရှေးဟောင်းက လုပ်နေတယ် ။ ပုဂံရှေးဟောင်းဘုရားတွေကို ဝန်းခတ်ပြီး ဟိုတယ်ဖွင့်နေတဲ့သူတွေကျ အရေးမယူတာ ဘာကြောင့်လဲ ။ ရှေးဟောင်းက ခွင့်ပြုပေးတာ လာဘ်စားထားလို့ ဆိုတာ သိသာနေတယ် ။ ဥပဒေကို သရေကွင်းလို ချုံ့လိုက်ချဲ့လိုက်လုပ်နေတယ် ။ တစ်ချို့ ခြံဝင်းတွေဆိုရင် နိုင်ငံခြားသား က အမည်ဖောက်ထားတာတွေတောင်ရှိနေတယ် ။´´ ဟု Save Bagan အင်အားစု မှ ကိုမျိုးဆက်စံ က ပြောသည်။

ထိုသို့ကြုံတွေ့နေရသည့် ဥပဒေမဲ့ လုပ်ရပ်များ ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ကိစ္စများ ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကလည်း တင်ပြခြင်းမရှိကြောင်း ဒေသခံများ က ပြောသည်။

နိုင်လင်းဦး
The Fifth Wave News

0 comments:

Post a Comment