Monday, June 18, 2018

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တုဖွင့်ပွဲပြုလုပ်


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကံတက်ကုန်းမစိုးရိမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ထားရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တုဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ယင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ၉ ပေမြင့်သည့် အုတ်ခုံပေါ်တွင်ထားရှိသော လက်မ ၄၀ အမြင့်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရုပ်တုမှာ ၅ ပေ ၃ လက်မအမြင့်ရှိ၍ ဗိုလ်ချုပ်ရုပ်တုရှေ့တွင် မတ်တပ်ရပ်လျှက်ပုံစံ ထားရှိထားသည်။

"တစ်နိုင်ငံလုံးမှာ ဗိုလ်ချုပ်ရုပ်တုပေါင်းများစွာ ထုလုပ်ကြတယ် ။ ဒီကျောင်းမှာထူးခြားတာက ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုအပြင် သမီးဖြစ်တဲ့သူ ဒေါ်အောင်စုကြည်ရဲ့ ရုပ်တူပါ ထားရှိတာ မြန်မာတစ်နိုင်ငံလုံးမှာ ဒီမှာပဲရှိပါတယ် " ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ဗိုလ်ချုပ်ရုပ်တုသည် မဟာအောင်မြေမြို့နယ်တွင် ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ထုလုပ်သည့် ရုပ်တု၏ ပုံစံတူရုပ်တု ဖြစ်ကြောင်း သိရသည်။

"ဒီကဆရာတော်ဘုရားကြီးက ပညာသင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသားတွေကို ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ် ဒေါ်အောင်ဆန်းစုကြည်လို စိတ်ဓာတ်မျိုး မွေးမြူနိုင်အောင် အတုယူနိုင်အောင် ရည်ရွယ်ပြီးထားရှိတာပါ " ဟု ကံတက်ကုန်းမစိုးရိမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်ဦး က ပြောသည်။

ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ က ဦးဆောင်ပြီး ဆရာတော်သံတော်များအား အာရုဏ်ဆွမ်းဆပ်ကပ်ခဲ့သည်။



နိုင်လင်းဦး
The Fifth Wave News

0 comments:

Post a Comment