Friday, June 15, 2018

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှု နည်းပါးနေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော


ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ အခြားလူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းနည်းပါးနေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇွန်လ ၁၄ရက်က မော်လမြိုင်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ တိုင်းရင်းလူငယ် ၈ ဦးနဲ့ ဆွေးနွေးရာမှာ ပြောကြားခဲ့တာပါ။

“အမျိုးသမီးတွေပါဝင်ရေးကို ကျမတို့ကြိုးစားရမယ်။ တခါတလေကျရင် အမျိုးသားတွေ မပါဝင်ရေးကိုကျမတို့ စိတ်ပူနေရတာ။ အမျိုးသားတွေကလည်း ပါဝင်သင့်သလောက်မပါဝင်လို့ တချို့လုပ်ငန်းတွေမှာ မအောင်မြင်တာတွေလည်းရှိတယ်။ စစ်ဖြစ်တဲ့နိုင်ငံတွေ၊ ငြိမ်းချမ်းရေး ဆုံးရှုံးနေတဲ့ လူ့အသိုင်းအ၀ိုင်းတွေမှာဆိုရင် ပထမဦးဆုံးခံရတာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲဆိုတာ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ကိစ္စဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ အမျိုးသမီးတွေအတွက်လည်း သိပ်ပြီးတော့အရေးကြီးတယ်။ ခေတ်တွေက ဘယ်လောက်ချည်းပဲ တိုးတက်တယ်ပဲပြောပြော ကလေးတွေကို အဓိကတာဝန်ယူနေရတာ အခုထက်ထိ မိခင်တွေပါပဲ။”

ဒါပေမယ့် အမျိုးသမီးတွေရဲ့ ပါဝင်မှုကို  ဥပဒေနဲ့အညီ သတ်မှတ်မယ်ဆိုရင် အင်အားများလာတဲ့ အားသာချက်ရှိသလို အရည်အချင်းမပြည့်ဝသူတွေလည်း ပါဝင်လာနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“တချို့ကျတော့လည်း လွှတ်တော်ထဲမှာဆိုလည်း အမျိုးသမီး ဘယ်လောက် ရာခိုင်နှုန်းပါရမယ်ဆိုပြီးတော့ ဥပဒေနဲ့ သတ်မှတ်ရမယ်လို့ ယုံကြည်တဲ့ သူတွေလည်းရှိပါတယ်။ တချို့ကလည်း မိမိတို့ခွန်အား၊ မိမိတို့ရဲ့ အရည်အချင်းနဲ့ ၀င်ပါလာတဲ့ အမျိုးသမီးတွေ ဖြစ်စေချင်တယ်ဆိုတဲ့ ရပ်တည်ချက်တွေလည်းရှိပါတယ်။ ဥပဒေအရ ပြဋ္ဌာန်းလိုက်တော့ အမျိုးသမီးတွေပါလာတော့ အင်အားများလာတဲ့ အားသာချက်ရှိသလို တဘက်မှာလည်း အရည်အချင်း မပြည့်ဝသူတွေလည်း ပါဝင်လာနိုင်တဲ့အတွက် အမျိုးသမီးတွေကို အထင်သေးစရာဖြစ်လာနိုင်တယ်။”

အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင်  အရည်အချင်းတန်းတူဖြစ်ပါက အမျိုးသမီးတွေ၊  တိုင်းရင်းသားတွေနဲ့ လူငယ်တွေကို ဦးစားပေးသွားမယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မူဝါဒချမှတ်ထားပါတယ်။

မနေ့ကငြိမ်းချမ်းရေးစကားဝိုင်းမှာ မွန်ပြည်နယ်မှာ ရာဘာဈေးနှုန်းကျဆင်းနေတာ၊ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားနေတာ၊ ဆေးရုံကြီးတွေမှာ သန့်ရှင်းမှုမရှိသလို ကျန်းမာရေး ၀န်ထမ်းတွေ ဆက်ဆံရေးမပြေပြစ်တာ၊ ဆောက်လုပ်ရေးအတွက် တင်ဒါစနစ်ပွင့် လင်းမြင်သာမှုမရှိတာ၊ ကျိုက်မရောမှာ လယ်တွေမြစ်ရေလွှမ်းလို့ တောင်သူတွေ အခက်တွေ့နေတာ၊ ပင်လုံညီလာခံကျင်းပဖို့ ကြန့်ကြာနေတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အာကာမင်း
DVB

0 comments:

Post a Comment