Sunday, June 3, 2018

အခြေခံပညာကျောင်းဖွင့်ရာသီ သင်ရိုးသစ်၊ စနစ်သစ်နှင့် ပြည်သူ့အသံ


အခြေခံပညာကျောင်းများ ဇွန်လ ၁ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သည်။ သင်ရိုးသစ်ဖြင့် သင်ကြားမှုသည် ယခုနှစ်၌ ဒုတိယတန်း Grade 2 အထိရောက်ရှိပြီဖြစ်ပြီး သင်ရိုးသစ်၊ စနစ်သစ်ဖြင့် သင်ကြားမှုသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများအတွက် နေသားတကျဖြစ်၊ မဖြစ်၊ ပြင်ပတွင် ကျူရှင်ယူရန် လို၊ မလိုနှင့် အမှန်တကယ်ထိရောက်မှုရှိသောသင်ရိုးများဖြစ်ရန် နိုင်ငံတော်နှင့် မိဘ၊ ဆရာ၊ကျောင်းသားအားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များကိုပြည်သူများ၏အသံအဖြစ်စုစည်းဖော်ပြလိုက်ပါသည်။

ဦးတင့်ထွန်းနိုင် (အထက်တန်းပြ၊ ကလေးမြို့နယ်)
ကျောင်းဖွင့်ချိန်မှာ ကြုံရတာကအဓိကဆရာအင်အား မလောက်င မှုတွေပေါ့။ ကျွန်တော်တာဝန်ကျတဲ့ကျောင်းမှာဆို အထက်တန်းဆရာ အင်အားနည်းလို့ တစ်ရက်လုံးအချိန်ပြည့်နီးပါးဝင်ကြရတယ်။ ဘာသာ ရပ်တွေကိုလည်း သုံး၊ လေးဘာသာသင်ကြရတယ်။ ပညာရေးတက္ကသိုလ် က ရူပ၊ ဇီဝသိပ္ပံတွဲနဲ့ပြီးခဲ့ပေမယ့် လိုအပ်ချက်အရပထ၀ီဝင်ပါ ကူသင်နေ ရတယ်။ အဲဒီတော့ သူ့မေဂျာသမားလောက်ကျွန်တော်သင်တာသိပ်မထိ ရောက်နိုင်တော့ဘူးပေါ့။ မိဘဆရာပူးပေါင်း၊ ကလေးပညာကောင်းလို့ ဆိုထားပေမယ့် ပူးပေါင်းမှုတော့အများစုအားနည်းနေဆဲလို့ပဲမြင်မိပါတယ်။ ဆရာတွေဘက်ကလည်း စည်း ရုံးရေးကောင်းရမယ်။ စေတနာထားရမယ်။ ဆက်ဆံရေးအဆင်ပြေရမယ်။ မိဘတွေဘက်ကလည်း ကိုယ့် သားသမီးပညာရေးကို စိတ်ဝင်စားရမယ်။ ကျောင်းတော်ကြီးကို တတ်နိုင်သလောက်ကူညီချင်စိတ်ရှိရမယ်။  ကျွန်တော်တောင်တန်းပေါ်မှာ တာဝန်ကျခဲ့တော့ မိဘတွေကျောင်းရှေ့ကဖြတ်ပြီး တောင်ယာသွားတာ ကျောင်းဘက်တောင် လှည့်မကြည့်အားကြရှာဘူးဗျ။ အလွတ်ကျက်စနစ်ဟောင်းက ဆယ်စုနှစ်ချီခဲ့ပြီဆိုတော့ ပြုပြင်စမှာ သင်ရိုးသစ်ကိုသိပ်မကြိုက်တာတို့၊ ဘာတို့ရှိတာပေါ့။ တချို့မိဘတွေဆို ကျောင်းဖွင့်တာကြာလှ ပြီ။ ကလေးတွေကို ခုထိဘာစာမှမသင်ပေးသေးဘူးတွေ ပြောလာကြတာပေါ့။ စာအလွတ်ကျက်နေမှပညာ ထင်သူမိဘတချို့အထင်လွဲကြတဲ့ သဘောပေါ့။ ဒီစနစ်အောင်မြင်သွားရင် အင်မတန်ကောင်းပါတယ်။ မိဘ တွေလည်း နားလည်လာကြမှာပါ။ ကျူရှင်တွေအဓိကခေတ်စားပြီးသိန်းရာထောင်ချီစီးပွားဖြစ်နေတာဟာ ဆယ်တန်းအမှတ်စာရင်းဟာ ဘ၀ကြီးကိုအဆုံးအဖြတ်ပေးနိုင်တယ်ဆိုတဲ့အခြေအနေကြောင့်ပါ။ ဆယ်တန်း အောင်ဖို့ကို မိဘတွေခမျာတော်တော်ပင်ပန်းကြပါတယ်။ ခုစနစ်က အဲဒါတွေလျော့ပါးသွားအောင်လုပ်ထား တဲ့သဘောပါပဲ။ ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်းဆိုတာ နိုင်ငံတကာပညာရေးက ဂျူနီယာကောလိပ်ပုံစံပါပဲ။ မိမိဝါသနာပါရာတက္ကသိုလ်ကို ၀င်ခွင့်နဲ့တက်ခွင့်ရနိုင်ကြပြီဆိုရင် တော်တော်လေးကောင်းလာနိုင်ပါတယ်။ ကျူရှင်စနစ်လုံးဝပပျောက်ဖို့တော့ သိပ်မလွယ်ဘူးဗျ။ ပညာရေးကောင်းတဲ့နိုင်ငံတွေမှာလည်း ကျူရှင်စနစ် ရှိနေတာပါပဲ။ အဓိကက ပညာတကယ်တတ်မြောက်သွားဖို့ပါ။ ပုံနှိပ်စာအုပ်နဲ့ ကျောင်းဝတ်စုံလေးအခမဲ့ ထောက်ပံ့ရုံနဲ့ အခမဲ့ပညာရေးမဟုတ်ပါဘူး။ မထောက်ပံ့တာနဲ့စာရင်တော့ အင်မတန်ကောင်းပါတယ်။ မိဘ တွေတခြားဘက်မှာ အများကြီးသုံးစွဲနေရပါသေးတယ်။ အကဲဖြတ်မှုစနစ်၊ တက္ကသိုလ်ဝင်ခွင့်စနစ်တွေကောင်း ရင် မိဘတွေပညာရေးအတွက် ငွေကြေးသုံးရမှုနည်းလာပြီး ကလေးအတွက်လည်း ပိုအဆင်ပြေလာမှာပါ။ အခမဲ့ပညာရေးစနစ်ဆိုတာထက် နိုင်ငံတော်က ဘတ်ဂျက်အင်အားကောင်းလာရင် ကောင်းလာသလောက် ပညာရေးမှာ သုံးစွဲမှုပိုပိုတိုးလာပြီးကလေးတွေလည်း အသုံးချလို့ရတဲ့နိုင်ငံတကာအဆင့်မီတဲ့ ပညာလည်း တတ်၊ မိဘတွေလည်း ၀န်ထုပ်ဝန်ပိုးနည်းနိုင်သမျှ နည်းတဲ့စနစ်ဖြစ်လာဖို့ပါပဲ။

ဒေါ်ဝေေ၀ (အငြိမ်းစားကျောင်းဆရာမ)
သူငယ်တန်းမှာ စာမသင်တာတော့ မနှစ်သက်ပါ။ စာဆိုတာ တတ် ကိုတတ်ရမှာပါ။ မိဘတွေအနေနဲ့ စိုးရိမ်ပြီးကျူရှင်ထား၊ စာသင်ပေးကြ တာပါ။ ဒဂုံ(၁)လို ကျောင်းမျိုးတစ်ခန်းကို ကျောင်းသား ၈၅-၉၀ ရှိပါ တယ်။ တတ်မြောက်မှုဘယ်လိုပေးမလဲ။ မတတ်ဘဲတက်လာတဲ့ကလေး ၁၀ တန်းကိုရောက်လာတဲ့အခါ ပြန်မရနိုင်တာအချိန်ပါ။ ဘာပဲဖြစ်ဖြစ် လက်ခံနိုင်တဲ့မိဘကတော့ ပြဿနာမဟုတ်ပါ။ အကောင်းဆုံးပေးချင်နေ တဲ့ မိဘတွေအတွက်ကတော့ တတ်နိုင်သလောက်ကြိုသင်ပေးကြတာပါပဲ။ ကျူရှင်လွတ်အောင် ဒီလိုပုံစံ၊ ဒီလူဦးရေနဲ့တော့ မဖြစ်နိုင်သေးပါဘူး။တစ်ခန်းကို လူ ၂၀ လောက်ထားနိုင်မလား။တကယ်စာသင်၊ မသင်စီစီတီဗီတပ်ထားမလား။ ဒါတောင် ရန်ကုန်ကျောင်းကြီးတွေမှသာလုပ်နိုင်မယ်။ တိုက်ကြီးလို၊ ကော့မှူးလို(ဥပမာပြောတာ)ကျောင်းတွေမှာ ဆရာ မလာတာတွေအများကြီး။တတ်မြောက်ဖို့ဝေးရော့။ဘယ်လိုထိန်းချုပ်ကြမလဲ။ အခမဲ့ပညာရေးတကယ် ထိထိရောက်ရောက်ပေးနိုင်လို့လား။ အဓိကကတော့ ဒီဆရာ၊ ဆရာမဦးရေ၊ ဒီစာသင်ခန်းဦးရေ၊ ဒီကျောင်းသားအရေအတွက်၊ဒီဘတ်ဂျက်နဲ့တော့ ဒီပညာရေးစနစ်ကအောင်မြင်ဖို့အလှမ်းဝေးနေဦးမှာပါ။ ကလေးတွေအတန်းမခွဲတာ ကလေးတွေစိတ်ဖိစီးမှုလျော့သွားတာနဲ့အညီ ကြိုးစားမှုလျော့ကျသွားပါတယ်။ အတန်းပိုင်ကျူရှင်တက်သူလျော့သွားပါတယ်။ တကယ်သင်တဲ့အပြင်ဆရာမတွေကတော့ ပုံမှန်ပါပဲ။

ဒေါ်နီလာဝင်း (မူလတန်းပြ အထက(၃၅) ချမ်းမြသာစည်မြို့နယ်)
ကျောင်းဖွင့်ချိန်မှာ တချို့မိဘတွေက အသက်မပြည့်ဘဲအကြောင်း အမျိုးမျိုးကြောင့် ကလေးတွေကိုကျောင်းထားချင်ကြတယ်။ သုံးလလိုအ ထိအဆင့်ဆင့်ထောက်ခံချက်နဲ့ လက်ခံကြရပါတယ်။ ကျွန်မတို့လို ကျောင်းသားဦးရေများပြီး စာသင်ခန်းမလုံလောက်တဲ့ကျောင်းတွေမှာ ကျ အဆင်မပြေမှုလေးတွေရှိတာပေါ့။ တချို့မိဘတွေက ကလေးအ တွက် လောဘကြီးလို့ရယ်၊ တချို့မိဘတွေကကျ သူတို့ဘ၀ရပ်တည်မှု အရ ရုန်းကန်နေကြတာမှာ မူကြိုထားဖို့မတတ်နိုင်တာရယ်၊ ကျောင်းကို ပို့တော့ ထိန်းရသက်သာတာရယ်တွေကြောင့် ဇွတ်ထားချင်ကြတယ်။ ကျွန်မတို့အနေနဲ့ ဖွံ့ဖြိုးမှုတွေအတွက် ဖိအားဖြစ်မှာစိုးလို့ ရှင်းပြပေးရင်လက်မခံချင်တဲ့အခါ စိတ်ညစ်ရတယ်။ အစိုးရဆီက ဖြည့်ဆည်းဖို့၊ တောင်း ဆိုဖို့ကျ ကျွန်မတို့အဓိကလိုတဲ့ ဆရာ၊ ကျောင်းသားအချိုးမျှဖို့၊ စာသင်ခန်းအချိုးမျှဖို့က ကိုယ့်ထက်ဆိုးတဲ့ ကျောင်းတွေက များနေတယ်။ မိဘကတော့ ပူးပေါင်းဆောင်ရွက်ဖို့အလွန်အရေးကြီးပါတယ်။ စနစ်သစ် ပညာရေးက ကလေးတွေကို အပြုအမူအလေ့အကျင့်တွေအတွက် လေ့ကျင့်ပျိုးထောင်တဲ့သင်ယူမှုတွေပါလို့ မိဘကိုယ်တိုင်နားလည်ပြီး ပူးပေါင်းပါဝင်ပေးဖို့လိုပါတယ်။ ဆရာနဲ့မကြာခဏ ဆွေးနွေးပေးဖို့လိုပါတယ်။ သူငယ်တန်းမှာ စာရေးသင်၊ မသင်ဆိုတဲ့ပြဿနာမှာလည်း အခက်အခဲရှိပါတယ်။ ဆရာလမ်းညွှန်မှာ သူ့လနဲ့သူအပယ်စာလုံးရှစ်လုံးကလွဲလို့ ရေးဖို့လမ်းညွှန်ထားပါတယ်။ စာကိုလုံးဝမရေးရဘူးဆိုတဲ့ညွှန်ကြားမှုကလည်း ရှိနေတော့ မိဘတွေကလည်း သူများရေးနေတာတွေ့ရင် ကိုယ့်ကလေးစာမရေးတတ်မှာစိုးပြီး အပြင်မှာ စာရေးတတ်ပြီးရော သင်ကြနဲ့ကျွန်မတို့အတွက် အခက်အခဲတွေရှိလာပါတယ်။ နောက်စုံညီမှာ အတန်းစဉ်အလိုက်စာမေးပွဲရမှတ်တွေနဲ့ ဆုပေးလေ့ရှိကြတဲ့ ကျောင်းတချို့ကစနစ်သစ်အတန်းတွေပါ ဆု ပေးဖို့ပြင်ဆင်ပြီး စာမေးပွဲလုပ်တယ်ဆိုတာမျိုးတွေကြောင့် အခက်အခဲတွေဖြစ်တတ်တာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်မတို့ကိုတိကျတဲ့ညွှန်ကြားချက်နဲ့မိဘတွေနားလည်ပြီး ပူးပေါင်းပါဝင်မှုရှိလာဖို့ ကျွန်မတို့အား လောက်တင်မကဘဲ ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးလှုံ့ဆော်မှုတွေရှိပေးစေချင်ပါတယ်။ ကျူရှင်မရှိအောင် ဒီ ပညာရေးစနစ်သစ်က လုပ်ထားပါတယ်။ ကျောင်းတွေမှာ သူငယ်တန်းကိုစာမသင်တာ ထိရောက်တဲ့သင်ရိုး လို့မြင်ပါတယ်။ လက်ရှိလူ့အဖွဲ့အစည်းမှာ ဟန်ချက်ညီညီရပ်တည်နိုင်ဖို့အတွက်ပညာရေးကနေ ဗလငါးတန် ပြည့်စုံအောင် လေ့ကျင့်ပေးနိုင်ဖို့ရည်ရွယ်တာပါ။ ဒီအတွက် စဉ်းစားတွေးခေါ်မှုတွေ၊ လေ့ကျင့်လုပ်ဆောင် မှုတွေနဲ့ သွားပါတယ်။ အသိပညာ၊ တတ်ကျွမ်းမှုနဲ့ စိတ်သဘောထားထားတတ်မှုတွေရရှိဖို့ သင်ခန်းစာတွေ သင်ယူရင်းရရှိစေပါတယ်။ သင်ခန်းစာသင်ယူနေစဉ်နဲ့ သင်ခန်းစာအပြီးမှာ စစ်ဆေးအကဲဖြတ်မှုတွေလုပ် သွားတာပါ။ မှတ်တမ်းတွေပါ လုပ်သွားရတာပါ။ စာမေးပွဲသီးသန့်မရှိတော့ စာကျက်စရာမလိုတဲ့အတွက် ကျူရှင်မလိုပါဘူး။

ဦးအောင်ကျော်သူ
(ကျောင်းအုပ်ကြီး၊ အထက(အေးမွန်) ပဲခူးတိုင်းဒေသကြီး)
ပညာသင်နှစ်အစ ကျောင်းလက်ခံတာကအစ ကျောင်းစဖွင့်တဲ့အချိန်ထိ အခက်အခဲတချို့ရှိပါတယ်။ ကျောင်းပြောင်းလက်မှတ်ထုတ်ပေးတဲ့ အခါမှာ မြို့နယ်ပညာရေးမှူးလက်မှတ်ထပ်ဆင့်လိုအပ်မှုကြောင့် ကျောင်းပြောင်းလက်မှတ် လာထုတ်တဲ့မိဘများ အခက်အခဲဖြစ်ကြရပါ တယ်။ နောက် စာအုပ်ထုတ်ပေးမှုမှာလည်း မနှစ်ကစာရင်းအရပေးတာ မို့၊ ကျောင်းသားသစ်များမရနိုင်တာမို့ အခက်အခဲဖြစ်ပါတယ်။ အခမဲ့ ကျောင်းဝတ်စုံထုတ်ပေးမှုမှာလည်း မနှစ်ကစက်တင်ဘာလချုပ်အရ ထုတ်ပေးခြင်းကြောင့် စတုတ္ထတန်းစာ ရင်းပါနေပါတယ်။ စတုတ္ထတန်းက ပဉ္စမတန်းရောက်သွားပြီမို့ ပေးစရာမလိုတာကြောင့် အလို၊အပိုစာရင်းတွေ  ရှိနေပါတယ်။ သင်ရိုးသစ်က အခုနှစ်မှာ KG, Grade 1, Grade 2 ထိရောက်လာပါပြီ။ သင်ခန်းစာသစ်၊ သင်နည်းသစ်၊ ရည်ရွယ်ချက်သစ်တွေမို့ မိဘတွေအတွက်အမြင်စိမ်းနေမှာအမှန်ပါ။ ဒါရေး၊ ဒါဖတ်၊ ဒါဖြေ စနစ်နဲ့ကြီးပြင်းလာကြသူတွေမို့ မိမိသားသမီးတွေအတွက် အားမရဖြစ်နိုင်ပါတယ်။ တကယ်တော့ တတ် မြောက်မှုတစ်ခုက စာနဲ့ရေးဖြေမှ စစ်ဆေးလို့ရတာမဟုတ်ဘဲ အတန်းတွင်းလက်တွေ့ဆောင်ရွက်မှု၊ သင်ခန်း စာရည်ရွယ်ချက်ပေါက်မြောက်မှု နှုတ်မေး၊ နှုတ်ဖြေတွေးခေါ်မှုတွေနဲ့ ဆိုင်ပါတယ်။ ဒီလို တတ်မြောက်ဖို့၊ တတ်မြောက်မှုစစ်ဆေးနိုင်ဖို့  သင်ကြားသူဆရာ၊ ဆရာမများရဲ့ တီထွင်ဖန်တီးမှု၊ ဆန်းသစ်မှု၊ပြင်ဆင်မှုတွေ နဲ့အတူ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှု၊ ပံ့ပိုးမှု၊ အကြံပြုမှုတွေလည်းလိုအပ်ပါတယ်။ ကျူရှင် ဆိုတာ ကျောင်းသားများတတ်မြောက်မှုအားနည်းချက်များအပေါ် ဖြည့်ဆည်းခြင်းလို့ယူဆပါတယ်။ မူလ တန်းအဆင့်လိုကလေးများအတွက် တကယ်သင်ရင်တကယ်တတ်မြောက်နိုင်ပါတယ်။ ပြီးတော့စစ်ဆေး မှုမှာလည်း ကလေးများရဲ့ဆက်စပ်တွေးခေါ်မှုကို အရေးပေးတဲ့စစ်ဆေးမှုမျိုးနဲ့ပညာရေးစနစ်ပြောင်းလဲသွားတဲ့အခါ ကျူရှင်ဆိုတာမူလတန်းအဆင့်ကျောင်းသားများအတွက် အမှန်တကယ်မလိုအပ်တော့ပါဘူး။ ယနေ့ ကျူရှင်ဆိုတဲ့သင်ကြားမှုက ကျောင်းကပေးတဲ့စာပြန်ဆို၊ ပြန်ရေးလေ့ကျင့်ပေးတဲ့အဆင့်ကများပါတယ်။ အုပ်စုဖွဲ့စစ်ဆေးခြင်း၊ ဉာဏ်ဖွင့်စစ်ဆေးခြင်းများက ကျူရှင်မှာသင်မှာမဟုတ်ပါဘူး။ ဒါကြောင့် စနစ်သစ်၊ သင်ရိုးသစ်နဲ့ တကယ်အသားကျသွားတဲ့အခါ ကျူရှင်ဆိုတာပပျောက်သွားမယ်ယူဆပါတယ်။ကျွန်တော်တို့ဆီမှာတော့ အခမဲ့ပညာရေးစနစ်ဆိုပြီး ဆောင်ရွက်နေပေမယ့် စီးပွားရေး၊လူမှုရေးအခက်အခဲများကြောင့် မိဘများရဲ့ခေတ်နဲ့အညီအတွေးအခေါ် အားနည်းမှုကြောင့် ကျောင်းထွက်သူ၊ ကျောင်းမထားသူကလေးသူငယ်များရှိနေဆဲပါ။ ဒါကြောင့် အခမဲ့ ပညာရေးနဲ့အတူ မသင်မနေရ၊ မတက်မနေရကျောင်းပညာရေးစနစ်ချမှတ်နိုင်မှ ပညာရေးကပိုပြီးအသက် ၀င်လာမယ်ထင်ပါတယ်။

ဒေါ်မီမီသိန်း (စတုတ္ထတန်းကျောင်းသူ၏မိခင်)
သင်ရိုးသစ်ပြောင်းတာက ကိစ္စမရှိဘူးလို့ထင်တယ်။ ကျောင်းအပ် တာတွေ၊ဘာတွေလည်း အကုန်အဆင်ပြေတယ်။ ဒီနှစ်တော့ ကျွန်မ ကလေးကျောင်းက ကျောင်းဝတ်စုံပေးတာမတွေ့ဘူး။ ကလေးကိုပုံမှန် စာလုပ်ပေးနေရင် အဆင်ပြေတယ်။ စာမေးပွဲစနစ်မရှိတော့တာကတော့ သိပ်သဘောမကျဘူးနော်။ ကလေးတွေအနေနဲ့ စာမေးပွဲမဖြေရတော့ရင် စာမှာပေါ့သွားမှာတော့စိုးတယ်။ ကျွန်မကတော့ ကျောင်းရော၊ ကျူရှင်ရောထားပေးထားတယ်။ အိမ်ပြန်ရောက်ရင်တော့ ကလေးကို ဘာစာမှသိပ်မလုပ်ခိုင်းတော့ဘူး။ ကလေးတွေကို အိမ်စာတော့ဖြစ်နိုင်ရင် မပေးစေချင်ဘူး။ ကျောင်းမှာတစ်ခါတည်းလုပ်ခိုင်းတာကလေးတွေအတွက် ပိုကောင်းတယ်လို့ထင်တယ်။ ကျောင်းစာကို ကျောင်းမှာတစ်ခါတည်းလုပ်ခိုင်းတော့ ကလေးတွေအိမ်ပြန်ရောက်တဲ့အချိန်မှာ သူတို့နားလို့ရတယ်လေ။

ဒေါ်သဲကို (အလယ်တန်းကျောင်းသူနှစ်ဦး၏ မိခင်)
မူလတန်းအဆင့်မှာ ကျောင်းသူ၊ ကျောင်းသားတစ်ဦးစီကို ကျောင်းဝတ်စုံတစ်စုံစီပေးတယ်။ ချုပ်ရိုးချုပ်သားက အဖြစ်၊ စာရွက်သားကတောင်အင်္ကျီပိတ်သားထက်ထူပါဦးမယ်။ ဖြစ်ကတတ်ဆန်းပေးတာမျိုးပါ။  စေတနာမပါဘူး။  ကျွန်မဆို ကိုယ့်သားသမီးကိုအဲဒီလောက်စုတ်ပြတ်တာပေးမ၀တ်ဘူး။ မနှစ်က နှစ်စက မိဘဆရာတွေ့ဆုံပွဲဆိုပြီး ကျောင်းအုပ်ဆရာမကြီးက မိဘတွေနဲ့ခေါ်ယူတွေ့ဆုံတယ်။ အဲဒီမှာ ကျောင်းသား၊ ကျောင်းသူလေးတွေကို  Groups တွေဖွဲ့ပေးပြီး Discussion လုပ်တဲ့ပုံစံမျိုးကို စာမေးပွဲပုံစံပြုလုပ်မယ်ဆိုတာမျိုးပြောလာပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့တစ်ကြိမ်ပဲပြုလုပ်နိုင်တာတွေ့ရပါတယ်။ ကျွန်မပြောချင်တာက စနစ်တစ်ခုပြောင်းမယ်ဆို ဇွဲရှိရှိနဲ့ ရလဒ်တစ်ခုထွက်သည်အထိ ပြုလုပ်စေချင်တာပါ။  မြေစမ်းခရမ်းပျိုးသလို ပညာရေးကိုလုပ်နေတာကျွန်မတို့ရင်သွေးလေးတွေက အစမ်းသပ်ခံတွေအဖြစ် ဟိုဟာ လုပ်ရမလို၊ ဒီဟာလုပ်ရမလိုနဲ့ ကလေးတွေအာရုံထွေပြားစေပါတယ်။ စနစ်သစ်ပြုပြင်ပြောင်းလဲတာကို ကြိုဆိုပါတယ်။ သူငယ်တန်းစာမသင်တာကို ပြောစရာတော့သိပ်မရှိပါဘူး။ ဒါပေမဲ့ကလေးတွေ Creative Thiking တိုးတက်စေမယ့် သင်ကြားမှုပုံစံတစ်ခုတော့ ထိထိရောက်ရောက်သင်ကြားစေချင်ပါတယ်။ အခန်းတစ်ခန်းမှာ သင်ကြားရတဲ့ဆရာနဲ့ကျောင်းသားအချိုးကို မျှတအောင်မလုပ်သရွေ့၊ ကျူရှင်စနစ်ဆိုတာ ဘယ်တော့မှ ပျောက်မယ်မထင်ဘူး။ အဲဒီတော့ ဆရာတွေလက်လှမ်းမီနိုင်တဲ့တပည့်အရေအတွက်ကို သတ်မှတ်ပေးစေချင်ပါတယ်။ အိမ်စာပေးတဲ့အလေ့အထကိုလည်း ပြင်စေချင်တယ်။ ကလေးတွေအတွက် တစ်နေ့ စာသင်ချိန်ငါးနာရီဆိုတာ လုံလောက်နေပါပြီ။ အခုကအိမ်စာဆိုတာ ထပ်ပါလာတော့ ကလေးတွေမှာစာ သင်ချိန်ဆိုတာနဲ့ပြည့်နေပါတယ်။ ကျောင်းကစာ ကျောင်းမှာသာပြီးခဲ့မယ်ဆို ကျူရှင်ဆိုတာရှိတော့မယ်မထင်ပါဘူး။ ကလေးတစ်ယောက်ကျောင်းတက်ဖို့ စာအလကားသင်ပေးတဲ့စနစ်ကို အခမဲ့ပညာရေးလို့ပြောနေပေမယ့် အဲဒီကလေး စာသင်ကျောင်းရောက်ဖို့ ရုန်းကန်နေရတဲ့မိဘတွေရဲ့ဘ၀မှာ ပညာရေးကအခမမဲ့သေးပါဘူး။ ဒါတောင် ကျူရှင်ခမပါသေးပါဘူး။ ကလေးမုန့်ဖိုး၊ ထမင်းဘူးစသဖြင့် ကုန်ကျစရိတ်တွေမပါသေးပါဘူး။ ဒါကြောင့် အခမဲ့ပညာရေးဆိုလို့ရှိရင် ပညာသင်ကြားခွင့်အတွက်အခွင့်အလမ်းတွေအားလုံးအခမဲ့စေချင်ပါသေးတယ်။

ဒေါ်ချိုသက်နှင်း (ကျောင်းသားမိဘ၊ အောင်လံမြို့)
အခုနှစ် ကျောင်းအပ်ရာသီက တော်တော်အဆင်ပြေပါတယ်။ ကျောင်းစာအုပ်၊ ကျောင်းစိမ်းအင်္ကျီ(ကျောင်းဝတ်စုံ)လည်းရတယ်။သင် ရိုးနဲ့ပတ်သက်ပြီးတော့ အရင်နှစ်က ကျောင်းကိုမိဘတွေခေါ်ပြီး ရှင်းပြ တာမျိုးရှိတယ်။ အခုနှစ်လည်းရှင်းပြရင်ပိုကောင်းတာပေါ့။ မိဘတွေ ဘက်ကလည်း ကိုယ့်ကလေးပညာရေးအတွက် ဘယ်လိုပံ့ပိုးရမလဲပြင် ဆင်နိုင်တာပေါ့နော်။ တချို့ကျောင်းတွေမှာတော့ အသက်(၅)နှစ်ပြည့် ဖို့နှစ်လလောက်ပဲလိုတာကို ကျောင်းအပ်လက်မခံဘူးကြားတယ်။ နာ မည်ကြီးတဲ့ကျောင်းတွေမှာ ပြုံအပ်ကြတဲ့ပြဿနာတော့နှစ်တိုင်းဖြစ်တယ်။ ကျူရှင်စနစ်ကတော့ရှိသင့်ပါ တယ်။ ဆရာမတွေကျူရှင်သင်တာမျိုးတော့ မဖြစ်သင့်သေးဘူးထင်ပါတယ်။ ဆရာမကျူရှင်မထားနိုင်တဲ့ ကလေးမိဘတွေရဲ့ ပူပန်မှုပေါ့၊ စိုးရိမ်စိတ်ပေါ့။ ဆရာတွေကို ဘက်လိုက်တယ်လို့ထင်ခံရတာမျိုးဖြစ်နိုင် တယ်လေ။ ထပ်ပြီးအကြံပေးချင်တာက ကျောင်းဈေးတန်းတွေ ကျန်းမာရေးနဲ့ကိုက်တဲ့အစားအစာတွေ ရောင်းပေးဖို့ ကြပ်မတ်စေချင်ပါတယ်။ နောက်ဆရာ၊ဆရာမတွေ လုံလောက်အောင်ထားပေးစေချင်ပါတယ်။

ကိုမျိုးဝင့်ဇော် (တာဝန်ခံအယ်ဒီတာ၊ Automobile ဂျာနယ်)
ကျွန်တော့်ကလေးက ဒီနှစ်ပထမတန်းတက်မှာပါ။ ကျောင်းအပ်နှံ မှုအပိုင်းမှာတော့ ထူးခြားတဲ့အခက်အခဲအနေနဲ့မရှိပါဘူး။ ကျောင်းပို့၊ကျောင်းကြိုရာမှာတော့ ယာဉ်ကြောပိတ်ဆို့မှုကတော့ ဖြစ်နေကျအခက်အခဲပါ။ အစိုးရပြုလုပ်နေတဲ့ ကျောင်းကြို၊ပို့ကားစနစ်က ပိုပြီးပီပီပြင်ပြင်အောင်မြင်ရင်၊ ကျောင်းချိန်မှာ ယာဉ်လမ်းကြောတွေကို ပိုပြီးထိထိရောက်ရောက်ရှင်းလင်းမှုတွေလုပ်နိုင်မယ်ဆိုရင်တော့ ဒီအခက်အခဲတစ်ခုတော့ ဖြတ်ကျော်နိုင်မှာပါ။ သင်ရိုးသစ်ပြောင်းရင် သင်ကြားမှုစနစ်တွေလည်းပြောင်းလဲလာမှာပါ။ ဒါကိုတော့ ဒီနှစ်လည်းကျောင်းသားမိဘတွေအနေနဲ့ စောင့်ကြည့်ရမှာပါ။ စာမေးပွဲမရှိတော့သူတို့တွေ အတွက် Challenge ဆိုတာမသိတော့ဘူးပေါ့။ ဒါကြောင့်  သင်ကြားတဲ့ဆရာတွေအနေနဲ့လည်း နားလည်လွယ်ထိရောက်တဲ့ပုံစံတွေနဲ့ သင်ကြားပေးကြဖို့လိုပါတယ်။ ကျက်မှတ်ရတဲ့စာမေးပွဲမျိုးမဟုတ်ဘဲနဲ့ အတွေးအခေါ်တွေ၊ ကာယ၊ ဉာဏဖွံ့ဖြိုးမှုပိုင်းနဲ့ကျင့်ဝတ်နီတိတွေကိုပါ ကလေးတွေရဲ့အသက်အရွယ်အပိုင်းအခြားနဲ့ လိုက်ဖက်မယ့်နည်းစနစ်တွေနဲ့သင်ကြားစစ်ဆေးတာမျိုးတော့ ရှိသင့်ပါတယ်။ ကျူရှင်မရှိအောင်သာစနစ်သစ်ထူထောင်ထားတယ်ဆိုပေမယ့် လတ်တလောကျွန်တော့်ကလေးအတွက် မူကြိုကတည်းကနေပြီးခဲ့တဲ့ KG အထိအိမ်မှာဆရာခေါ်သင်ပါတယ်။ အရေးအသားတွေကျင့်ရတယ်။ စာလုံးတွေ အသေးစိတ်သိအောင်၊ ဖတ်တတ်အောင်ပါ။ KG ရောက်တော့ကျောင်းကြီးပြောင်းတဲ့အခါ ဒါတွေကအထောက်အကူဖြစ်ပါတယ်။ ကျောင်းကသင်ကြားမှုအပိုင်းအားမရခဲ့ပါဘူး။ အများကြီးသင်စရာမလိုအပ်သေးလို့ သူငယ်တန်းစာမသင်ပေမယ့် ရေးရ၊ ဖတ်ရ၊ ရွတ်ရတာပါပဲ။ တကယ်တမ်းမှာ ကျောင်းသားမိဘတစ်ယောက်အနေနဲ့ ကျူရှင်စနစ်ကိုလုံးဝမရှိစေချင်ပါဘူး။ အခမဲ့ပညာရေးစနစ်ကိုလက်ခံပါတယ်။ အခမဲ့ပညာရေးစနစ်ဆိုပေမယ့် ကျူရှင်ဆိုတာကတော့ အခမဲ့မဟုတ်လို့ ကျူရှင်သင်စရာမလိုအောင် ပြုပြင်ပြောင်းလဲဖို့ပဲလိုပါတယ်။

ဦးမြတ်သီဟထွန်း (မူလတန်းပြဆရာ၊ မအူပင်မြို့နယ်)
နှစ်စဉ်ကျောင်းဖွင့်ချိန်မှာ ကြုံနေရတာကတော့ မြို့ပေါ်မှာဆိုရင် တော့ ကျောင်းတွေကိုမိဘတွေလာတယ်။ အခန်းလုကြမယ်။ ထိုင်စရာ ခုံလုကြမယ်။ အတန်းပိုင်တွေနဲ့၊ သက်ဆိုင်ရာအတန်းမှူးတွေနဲ့ မိဘတွေ က ကလေးကိုသူ့ထက်ငါအပြိုင်အဆိုင်အပ်ကြမယ်။ ကျူရှင်ကိစ္စတွေ လည်းပါမှာပေါ့။ တောမှာကျတော့ ကျောင်းလာဖို့ကိုနှိုးဆော်နေရတယ်။ အခမဲ့ပေးတဲ့ ကျောင်းဝတ်စုံအရည်အသွေးမမီတာကလည်းရှိနေမှာပဲ။ တောတွေမှာဆို တချို့ကလေးတွေက ကျောင်းစိမ်းတောင်မ၀တ်နိုင်ဘူး။ မ၀တ်နိုင်လည်း စာတတ်သွားကြတာပဲ။ ကျောင်းဝတ်စုံအတွက် ကုန်မယ့်ပိုက်ဆံတွေကိုတခြားပညာရေးအ တွက်တကယ်ထိရောက်မယ့်နေရာမှာ သုံးဖို့ပေါ့။ အခမဲ့ပညာရေးဆိုတာကတော့ ကျောင်းကိုပိုက်ဆံပြန်ပေး စရာမလိုတာပေါ့။ ဒီကျောင်းဝတ်စုံကိစ္စနဲ့ ပတ်သက်ပြီးပညာရေးဝန်ကြီးဌာနကို အကြံပြုဖူးပါတယ်။ ကျောင်းဝတ်စုံပေးတဲ့ငွေလိုမျိုးကို မရှိဆင်းရဲတဲ့ကလေးတွေ၊မိဘကျောင်းဆက်မထားနိုင်တဲ့ ကလေးတွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့သွားခေါ်၊ ခရိုင်မြို့တစ်မြို့ဆီမှာကို ပညာရေးဌာနပိုင်ဘော်ဒါတွေဆောက်ပြီး ထမင်းကျွေး၊ စာသင်ပေးတာမျိုးလုပ်နိုင်တယ်။ ဘတ်ဂျက်တွေကို အဲဒီလိုလှည့်သုံးနိုင်မယ်ဆိုရင် ထမင်းစားဖို့နဲ့စာသင်ဖို့နှစ်မျိုးထဲက တစ်ခုရွေးနေရတဲ့ကလေးတွေကို ဖယ်ထုတ်နိုင်မယ်လို့ထင်တယ်။ ဒါပေမဲ့အခုထိအကောင်အထည်ဖော်တာမတွေ့ရပါဘူး။ နောက်ကြုံရတာက ဆရာအင်အားနဲ့ကျောင်းသားအင်အားမမျှတာပေါ့။ စာသင်ခန်းတစ်ခန်းထဲမှာ ကျောင်းသား ၆၀ လောက်ရှိနေတယ်။ အဓိကက သူငယ်တန်းပေါ့။ သင်ရိုးသစ်ရဲ့ သွင်ပြင်ကကလေးတွေကို စဉ်းစားတွေးခေါ် တတ်အောင်၊ ပြန်လှန်မေးခွန်းတွေထုတ်နိုင်အောင်လုပ်ပေးထားတာပါ။ သင်ရိုးသစ်အရ ကျူရှင်ဆိုတာမလို အပ်တာအမှန်ပါပဲ။ သင်တဲ့ဆရာကလည်း ပေါက်မြောက်အောင်သင်နိုင်မယ်ဆိုရင် ကျောင်းမှာတင်ပြီးပါ တယ်။ စာပြန်ကျက်ဖို့တောင် မလိုပါဘူး။ ဒါပေမဲ့ကျူရှင်တကယ်မလွတ်ပါဘူး။ ကျူရှင်ဖြစ်လာတဲ့အကြောင်းအရင်းက မိဘတွေရဲ့လောဘပေါ့။ သူ့ဟာသူစနစ်ကဘာကြီးပဲပြောနေနေ သူတို့လည်း သူတို့စီးပွားရေးကို လုံးပန်းနေရတော့ စာမပြနိုင်ဘူး။ကလေးကျောင်းမှာ ဆရာမနဲ့ဆက်ဆံရေးကောင်းအောင် သူတို့ကလေးကို ဂရုစိုက်အောင်ကျူရှင်ကတော့ ထားကြမယ့်သူတွေချည်းပဲ။ ဒါပေမဲ့ သင်ရိုးရေးဆွဲတဲ့အပိုင်းမှာ တစ်တန်းနဲ့တစ်တန်းအချိတ်အဆက်မှာ ဟာကွက်တွေရှိနေတယ်။ ကျွန်တော်တို့သူငယ်တန်း ၂ နှစ်၊ Grade 1 တစ်နှစ်သင်ပြီးပြီ။ ဒီမှာ ချိတ်ဆက်တွေလွဲနေတယ်ဆိုတာလည်း ၀ါရင့်ဆရာ၊ ဆရာမကြီးတွေလည်း ပြောနေတယ်။ ဒီသင်ရိုးသစ်တွေကို ပြန်လည်ဆန်းစစ်မှုလုပ်ရမယ်။ မှားနေတယ်လို့ထောက်ပြသူတွေရှိရင် ဟုတ်၊ မဟုတ်ပြန်ဆန်းစစ်ရမယ်။ ပြန်ပြောပေးရမယ်။ တာဝန်ရှိသူတွေအနေနဲ့ ငါတို့လုပ်ချင်ရာလုပ်မယ်။ လေ့လာအကြံပြုချက်တွေကို အာရုံမစိုက်တာတွေကပညာရေးတိုးတက်လာဖို့မရှိဘူး။

7Day

0 comments:

Post a Comment